နေပြည်တော် ၇ စက်တင်ဘာ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အရပ်ဖက်အဖွဲ့အစည်းများ၊ သဘာဝဘေးကူညီကယ်ဆယ်ရေး ပရဟိတ အဖွဲ့အစည်းများ၊ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ လူငယ်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံးခန်းမ၌ ယနေ့နံနက်ပိုင်းက တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ၊ လူကြောင့်ဖြစ်သောဘေး၊ သဘာဝကြောင့်ဖြစ်သောဘေးများဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ လူမှုဒုက္ခများ၊ ဘေးအန္တရာယ်ခံစားရမှုများတွင် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် မူဝါဒများရေးဆွဲပြီး မဟာဗျူဟာများ ချမှတ်ကာ လုပ်ငန်းစီမံချက်များဖြင့် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျုဟာအရ ဦးစားပေးလုပ်ငန်း (၈)ခုချမှတ်ပြီး လူမှုရေးဝန်ဆောင်မှုများနှင့် ငွေကြေးထောက်ပံ့မှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းမှ မွေးဖွားသောအသက် (၂)နှစ်အောက်ကလေးငယ်များကို ငွေကြေးထောက်ပံ့ခြင်း Maternal and Child Cash Transfer – MCCT အစီအစဉ်ကို ဒေသအလိုက် အညွှန်းကိန်းများအရ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးခြင်းသည် လူ့ဘဝ အစရက် (၁၀ဝ၀) အတွင်း အာဟာရနှင့် ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များ ပြည့်မီ၍ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ကိုယ်ခန္ဓာပုံမှန်ကြီးထွားစေရန် ရည်ရွယ်ပါကြောင်း၊ အဆိုပါအစီအစဉ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တတိယ(၃)လပတ်မှစ၍ ရှမ်းပြည်နယ်တွင် စတင်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။

လူမှုရေးဝန်ဆောင်မှုလုပ်ငန်းများကို ဝန်ကြီးဌာနတစ်ခုတည်းက ဆောင်ရွက်၍မရနိုင်ပါသဖြင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့ အစည်းများက ပူးပေါင်းပါဝင်ရန်လိုပါကြောင်း၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝလုံခြုံမှုရှိစေရန် ဝန်ကြီးဌာနက ဦးဆောင်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ကလေးသူငယ်များနှင့် အမျိုးသမီးအရေးတက်ကြွစွာ ဆောင်ရွက်လျက်ရှိသည့်အဖွဲ့ (၇)ဖွဲ့ဖြစ်သော မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၊ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ ကျား/မရေးရာတန်းတူညီမျှရေးကွန်ရက်၊ အမျိုးသမီး အဖွဲ့အစည်းများ ကွန်ရက်၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းတို့ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးကော်မတီများလည်း ဖွဲ့စည်းထားပြီးဖြစ်ရာ ယခုရှမ်းပြည်နယ်အမျိုးသမီး ကော်မတီအနေဖြင့် MCCT အစီအစဉ်အကောင်အထည်ဖေါ်ရာတွင် ပူးပေါင်းပေးရန် တိုက်တွန်းပါကြောင်း၊ လူငယ်များ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကဏ္ဍ(၁၆)ရပ် ပါဝင်သော လူငယ်ရေးရာမူဝါဒရေးဆွဲပြီး မဟာဗျူဟာချမှတ်ကာ ဒေသအသီးသီးက ဦးစားပေးလိုသည့် ကဏ္ဍများ ရွေးချယ်ထားပြီး ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင်လည်း အကောင်အထည်ဖော်နေပြီဖြစ်ရာ လူငယ်များအတွက် လူငယ်စင်တာ တည်ဆောက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလုပ်ငန်းများနှင့် ထောက်ပံ့ပေးမှုများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ရေးရာ ကိစ္စများကို ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးနေရာတွင် လူငယ်စင်တာ အစည်းအဝေးခန်းနှင့် အားကစားလေ့ကျင့်ရန် နေရာများ ထည့်သွင်းဆောက်လုပ်လျက်ရှိကြောင်းနှင့် တိုက်ပွဲရှောင်ပြည်သူများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက် (၂)နှစ်အောက် ကလေးငယ်များကို ငွေကြေးထောက်ပံ့ခြင်း (Maternal and Child Cash Transfer –MCCT) အစီအစဉ်ကို ရှမ်းပြည်နယ်အတွင်း စတင်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ရှမ်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက DAN Mobile Application နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းခြင်းများ ဆောင်ရွက်ကြသည်။

ယင်းနောက် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဝင်များနှင့် တက်ရောက်လာကြသူများ ကလူငယ်စင်တာရရှိရေး၊ လူငယ်နှင့်ပညာရေးကိစ္စရပ်များ၊ မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ (၁၄၁၃) ဦးအတွက် ဆန်ဘိုးတစ်လစာထောက်ပံ့ငွေကျပ် (၁၂၇ ဒသမ ၁၇) သိန်းကို ပြည်နယ်အစိုးရတာဝန်ရှိသူများထံ ပေးအပ်သည်။

ယင်းနောက် ဦးညွှန့်မောင် (မေတ္တာရှင်အဖွဲ့)က တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းငွေကျပ် (၂၅)သိန်းကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံပြီး ပြည်နယ်အစိုးရ အဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်သည်။ ဆက်လက်၍ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့၊ ရွှေပြည်အေးပြန်လည်ထူထောင်ရေး စခန်းအတွက် ဦးညွှန့်မောင် (မေတ္တာရှင်အဖွဲ့)က ရေအိမ် (၄)လုံး ဆောက်လုပ်ရန်လှူဒါန်းငွေကျပ် (၂၅)သိန်း၊ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ (အောင်မြင့်မိုရ်ကုမ္ပဏီ)က သံခုတင်(၃၀)အလုံး၊ မွေ့ယာ၊ ခေါင်းအုံး၊ ခြင်ထောင်၊ စောင်အစုံ (၃၀) အတွက် လှူဒါန်းငွေ (၄၅)သိန်း၊ ဦးဧရာလင်း (မြန်မာ ကြယ်စင်လင်းကုမ္ပဏီ)က ဝန်ထမ်းအိမ်ရာ၊ သင်တန်းသား အိပ်ဆောင်များတွင် မီတာဘောက်စ် (၃)ခုနှင့် ဆက်စပ် လျှပ်စစ်ပစ္စည်းများ တပ်ဆင်ခြင်းအတွက် လှူဒါန်းငွေကျပ် (၂၃)သိန်းနှင့် မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အူရ်ရမာ၊ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းက လှူဒါန်းငွေကျပ်သိန်း(၂၀)ကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်