နေပြည်တော်၊ ၁၈ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ သဘာဝတရားရိပ်သာရှိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် အစောင့် အရှောက်ခံ သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် သန်လျင်မြို့ သဘာဝတရားရိပ်သာ ဦးစီးပဓာန နာယကဆရာတော် ဦးဥတ္တမသာရ က ဩဝါဒစကား မြွက်ကြားသည်။ ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းသူ များ၊ သက်ကြီးရွယ်အိုများအတွက် လူ့အခွင့်အရေးများ တန်းတူညီမျှရရှိရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို နိုင်ငံတကာနှင့် ဒေသတွင်းစံနှုန်းတို့ကို အခြေခံ ၍ အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် သက်ကြီးရွယ်အိုများဥပဒေနှင့်အညီ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများကော်မတီနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်တို့ တွင် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီတို့ကို အဆင့်ဆင့်ဖွဲ့စည်းပြီး သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံရေးကို အထောက်အကူပြုနိုင်ရန် အမျိုးသားလူမှုရေးပင်စင်အစီအစဉ်ကိုလည်း ၂၀၁၇ - ၂၀၁၈ ခု ဘဏ္ဍာရေးနှစ် ကတည်းက စတင်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အရေးပေါ်အခြေအနေတွင် ထိခိုက်လွယ်အခြေအနေတွင်ရှိသော ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် ငွေကြေးထောက်ပံ့မှု အစီအစဉ်တို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ထို့အပြင် သက်ကြီးရွယ်အိုများအကြား ကိုဗစ်-၁၉ ကြောင့်ဖြစ်ပွားနိုင်သည့် လူမှုစီးပွားအ ခက်အခဲများကို လျော့ပါးစေရေးအတွက် လူမှုရေးပင်စင်ခံစားလျက်ရှိသည့် သက်ကြီးရွယ်အိုများ၊ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ အသက် (၈၀) ပြည့်ပြီး အသက် (၈၅) နှစ်မပြည့်သေးသည့် သက်ကြီးရွယ်အိုများ အတွက် ထောက်ပံ့ခဲ့ပါကြောင်း၊ ယခုအခါ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ရှိ သဘာဝတရား ရိပ်သာတွင် ပြုစုစောင့်ရှောက်ထားသည့် အစောင့်အရှောက်ခံ ဘိုးဘွားများအနက် ကိုဗစ်-၁၉ ကူးစက် ခံရသူ မသန်စွမ်းသက်ကြီးရွယ်အို (၅၉)ဦးနှင့် သက်ကြီးရွယ်အို (၁၁၁) ဦး စုစုပေါင်း (၁၇၀)တို့အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၅,၁၀၀,၀၀၀ နှင့် ရိပ်သာရှိ အခြား ဘိုးဘွားများအတွက် ကိုဗစ်-၁၉ ကာကွယ်ရန်နှင့် အာဟာရပြည့်ဝစေရန် ကျပ်(၁၁၉) သိန်း စုစုပေါင်း ကျပ် သိန်း (၁၇၀) ထောက်ပံ့ခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် သက်ကြီးရွယ်များ ထပ်မံ ကူးစက်ခြင်းမခံရအောင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဂေဟာ များတွင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လိုက်နာရမည့် စံသတ်မှတ်ချက်များကို လိုက်နာကြရန် လိုအပ် ကြောင်း၊ ယခုကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါအန္တရာယ် ရင်ဆိုင်တုံ့ပြန်ရာတွင် အားလုံးပူးပေါင်း ဆောင်ရွက်နိုင်ရန်လိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကိုယ်စား ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးနှင့် ပြန်လည်ထူထောင် ရေးဦးစီးဌာနရုံးတို့မှ တာဝန်ရှိသူများက ထောက်ပံ့အလှူငွေပေးအပ်ရာ သန်လျင်မြို့ သဘာဝတရား ရိပ်သာမှ ဆေးအဖွဲ့တာဝန်ခံ ဆရာလေး ဒေါ်စာဂဝတီက လက်ခံရယူသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ သဘာဝတရားရိပ်သာရှိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် သက်ကြီးရွယ်အိုများနှင့် အစောင့်အရှောက်ခံ သက်ကြီးရွယ်အိုများအားလုံးအတွက် ပံ့ပိုးကူညီထောက်ပံ့ခြင်းများအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
သတင်းစဉ်


