နေပြည်တော် ၁ ဇွန်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်  ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော်ခန်းမတွင် သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်များအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ သဘာဝဘေးကူညီကယ်ဆယ်ရေး ပရဟိအဖွဲ့အစည်းများ၊ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်များကျရောက်ပါက ရှိရင်းစွဲ အခြေအနေများ ပျက်ပြားသွားပြီး ရှေ့ဆက်လုပ်ဆောင်ရန် အခက်အခဲဖြစ်သွားပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို စနစ်တကျလုပ်ဆောင်ခြင်းသည် လူမှုစီပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်နှင့်ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုလျော့နည်းအောင် လူ့အသက်သေဆုံးမှုမရှိအောင် စီမံဆောင်ရွက်ရကြောင်း၊ စနစ်ကျသော၊ ကြိုတင်မျှော်မှန်း၍ရသော၊ အတွေ့အကြုံများကိုအခြေခံသော၊ သုတေသနရလဒ်များကို အခြေခံသော အချက်အလက်များပေါ်မူတည်ပြီး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခြင်းနှင့် သတင်းအချက်အလက်များကို ရယူခြင်းဖြင့် ကြိုတင်ပြင်ဆင်မှုကောင်းလျှင် ထိခိုက်ဆုံးရှုံးမှု လျော့နည်းသွားမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း ဘေးသင့်ဒေသများ အလျင်အမြန် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသည် လုပ်ငန်းကော်မတီ (၁၂)ခုဖြင့် ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်များထိ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိရောက်သောတုံ့ပြန်မှုများလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်များတွင် တပ်မတော်၏ ပူပေါင်းဆောင်ရွက်မှုသည် အလွန်အကျိုးရှိကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အလျင်အမြန် ပြန်လည်ထူထောင်ရေးအဖွဲ့ ဖွဲ့စည်းပြီးနောက် ပိုမိုလျင်မြန်လာသည်ကို သိရှိရကြောင်း၊ ပိုမိုထိရောက်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာကြီး၏ ပြောင်းလဲလာသော ရာသီဥတုဖောက်ပြန်မှုများကြောင့် ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များကိုအတူ တကွပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက မကွေးတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော သဘာဝဘေးများ၊ ကြိုတင်ပြင်ဆင်မှုများကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက သောက်သုံးရေရှားပါးနေမှု၊ မြစ်ရေတိုက်စားမှုဒဏ်ခံစား နေရမှု၊ ရေရှားပါးမှုပြဿနာတွင် ရေသယ်ယာဉ်လိုအပ်ချက်ရှိမှု၊ ထောက်ပံ့ရေးဆောင်ရွက်ရာတွင် မော်တော်ယာဉ် လိုအပ်ချက်ရှိမှု၊ ပူးပေါင်းဆောင်ရွက်ရေး ပိုမိုအားကောင်းစေရေး၊ သဘာဝဘေး ကျရောက်ချိန်တွင် အစားအသောက်ထောက်ပံ့မှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး စသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးသည်။

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှမင်းဘူး(စကု) မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါးပြို ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုန်ကျငွေ - ကျပ် (၂၂၃ ဒသမ ၈၄၉)သန်းနှင့် စေတုတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်တွင် Multi-Purpose Shelter (၁)လုံး ဆောက်လုပ်ရန်အတွက် ကုန်ကျငွေ-ကျပ်သန်း ၂၀ဝ စုစုပေါင်း ကုန်ကျငွေကျပ် (၄၂၃ ဒသမ ၈၄၉)သန်း အား လွှဲပြောင်းပေးအပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

သတင်းစဉ်