နေပြည်တော် ၂၆ ဇန်နဝါရီ 


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် သံတွဲခရိုင် ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပသော ကျိန္တလီမြို့အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၊ လူမှုရေးအသင်းအဖွဲ့နှင့် မိခင်ဝိုင်းများ ဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။


အခမ်းအနားတွင် ကျိန္တလီမြို့ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၇ သိန်း၊ မြတ်ပါရမီလူမှုရေးအသင်းအတွက် ထောက်ပံ့ငွေကျပ် ၃ သိန်းနှင့် မိခင်ဝိုင်း(၂)ဝိုင်း ဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် ၁၈၁၈၁၀ဝ တို့ကို ထောက်ပံ့ပေးခြင်း၊ ကလေးငယ်များအတွက် ကစားစရာနှင့် အာဟာရမုန့်များ ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဂွမြို့အောင်မင်္ဂလာခန်းမ၌ ကျင်းပသော ဂွမြို့နယ်အတွင်းရှိ မူလတန်းကျောင်းများမှ ကလေးငယ်များနှင့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေး တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ခြင်း၊ လူမှုရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ခြင်းနှင့် မိခင်ဝိုင်းများ ဖွင့်လှစ်ရန်အတွက် ထောက်ပံ့ပေးခြင်း အခမ်းအနားသို့ တက်ရောက်သည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြောကြားသည်။


ထို့နောက် ဂွမြို့နယ်အတွင်းရှိ ဘဝအားမာန်လူမှုရေးအသင်းအဖွဲ့၊ ကြည်သာအေး ပညာရေး ဖောင်ဒေးရှင်း၊  ထာဝရမေတ္တာနာရေး ကူညီမှုအသင်း၊ လင်းရောင်ခြည် လူမှုကူညီရေးအသင်း၊ မြင့်မြတ်စေတနာ လူမှုကူညီရေးအသင်း၊ ချမ်းမြေ့မေတ္တာ လူမှုကူညီရေးအသင်း၊ စံစေတနာ လူမှုကူညီရေးအသင်း၊ ရက္ခိတလူမှုနာရေးအသင်း၊ ကင်းရုံးလူငယ်သာရေး နာရေးပရဟိတအသင်း၊ မေတ္တာပါရမီလူမှုကူညီရေးအသင်း၊ ကြွချေိုင်နာရေးကူညီမှုအသင်း၊ ဇွဲမာန်လူမှုနာရေးကူညီမှုအသင်းနှင့် မြင့်မြတ်ဖြူစင် လူမှုနာရေးကူညီမှုအသင်းတို့အတွက် တစ်သင်းလျှင် ထောက်ပံ့ငွေကျပ် ၃ သိန်းစီ၊ မိခင်ဝိုင်း ၅ ဝိုင်းဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် ၃၀၇၈၁၀ဝ နှင့် မူကြိုကျောင်းများမှ ကလေးငယ်များနှင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၆၄၈၀ အတွက် ငွေကျပ်သိန်း ၁၀ဝ တန်ဖိုးရှိ ကျန်းမာရေး တစ်ကိုယ်ရည်သုံး ပစ္စည်များကို ထောက်ပံပေးအပ်ပြီး ကလေးငယ်များအတွက် ကစားစရာနှင့် အာဟာရမုန့်များ ပေးဝေကြသည်။


အဆိုပါအခမ်းအနားများတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားများအပါအဝင် ပြည်သူတစ်ရပ်လုံး ပြည်ထောင်စုစိတ်ဓာတ်အခြေခံဖြင့် စည်းလုံးညီညွှတ်စွာ တစ်နိုင်ငံလုံး သာတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးကို ခံစားရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဖွံ့ဖြိုးမှုနိမ့်ကျနေသေးသော ဒေသများမှစ၍ ဦးစားပေးအနေဖြင့် အားလုံးသာတူညီမျှရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်ချိန်မှစ၍ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရှေးဦးအရွယ် ကလေးသူငယ်များမှစ၍ အလေ့အကျင့်ကောင်းများရရှိရန် မိခင်ဝိုင်းများဖွင့်လှစ်၍ စနစ်တကျ ပြုစုပေးနိုင်ရန်အတွက် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းများအတွက် ကနဦးထောက်ပံ့ပေးခြင်းကို ရခိုင်ပြည်နယ်တစ်ခုလုံးအတွက် ဦးစားပေးဆောင်ရွက်ပေးပြီး ကျန်ရှိနေသေးသည့် မသန်စွမ်းများအတွက်လည်း ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။


(သတင်းစဉ်)