နေပြည်တော် ၁၈ စက်တင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် Terre des hommes- Lousanne (Tdh-L) တို့ ပူးပေါင်းဆောင်ရွက်သည့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးစီမံချက် အသိပေးမိတ်ဆက် ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အခြေခံလူ့အခွင့်အရေးများကို ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှုရရှိအောင် မူဝါဒများချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်များ၏ ရှေးဦးဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဥပဒေ (ECCD Law)နှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ (Child Right Law)များကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေး(၄)ရပ်ကို အပြည့်အဝရရှိအောင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆက်လက်၍ ယခုအကောင်အထည်ဖော် ဆောင်ရွက်မည့်စီမံချက်ပါ လုပ်ငန်းတစ်ခုဖြစ်သည့် ကလေးသူငယ်များသည် မိသားစုနှင့်သာ ကြီးပြင်းနေထိုင်သင့်သည့်အတွက် မိသားစုပြန်လည်ပေါင်းစည်းရေးစီမံချက်၊ မိရင်းဖရင်းများနှင့် အတူနေထိုင်ခွင့်မရသည့် ကလေးသူငယ်များအတွက် မိဘအရင်းသဖွယ် ယာယီအစားထိုး စောင့်ရှောက်ရေးစီမံချက်နှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေပါ အခွင့်အရေးများ ရရှိစေရန်အတွက် ကလေးသူငယ် တရားစီရင်ရေးစီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် ကလေးသူငယ်များ ရှေးဦးဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးသူငယ်များမသိနားမလည်၍ ကျူးလွန်မှုများကို ထပ်မံမဖြစ်ပေါ်စေရေး၊ ပြန်လည်ထူထောင်ရေး၊ ကလေးသူငယ်များအား သင်တန်းကျောင်း/ဂေဟာများသို့ အကြိမ်ကြိမ်ထပ်မံ မရောက်ရှိစေရေး၊ မိသားစုအုပ်ထိန်းသူများနှင့် အတူတကွကြီး ပြင်းနေထိုင်နိုင်ရေးအတွက် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားအတွက် စီမံချက်ပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပါရန် ပြောကြားသည်။
ဆက်လက်၍ EU သံအမတ် Mr. Kristian Schmidt က လူတိုင်းသည် ကလေးဘဝကို ဖြတ်သန်းခဲ့ရသူများဖြစ်ပါကြောင်း၊ ကလေးများ၏ အခွင့်အရေးကို တန်းတူညီမျှခံစားရရှိစေနိုင်ရေး၊ ကုလသမဂ္ဂကလေးသူငယ် အခွင့်အရေးများဆိုင်ရာ Convention ပါ ကလေးသူငယ် အခွင့်အရေးများကိုလည်း ဝိုင်းဝန်းဖြည့်ဆည်းပေးကြရန်အတွက် နိုင်ငံတော်အနေနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းကို ကြိုဆိုပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မှုများအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကလေးသူငယ်များက ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပြဇာတ်ကို ကပြဖျော်ဖြေခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးသည်။
အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊EU သံအမတ်ကြီးနှင့် Tdh-L မှ တာဝန်ရှိသူများ၊ သင်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ ကလေးသူငယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


