နေပြည်တော် ၁ စက်တင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများရှိကလေးငယ်များ၏ မိဘများ၊ ဆရာ၊ ဆရာမများ၊ အုပ်ထိန်းသူများနှင့်တွေ့ဆုံ၍ ရှေးဦးအရွယ်ကလေးသူငယ်များ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်အောင် စွမ်းရည်ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ရရှိရန်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် အသက် (၈)နှစ်အရွယ် အထိ ရှေးဦးအရွယ်ကလေးသူငယ်များ ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းလမ်းများဖြင့် ပြုစုလေ့ကျင့်ပေးရမည် ဖြစ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များ၊ ပြည်သူများနှင့်ပူးပေါင်း၍ တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နေ့ကလေးထိန်းကျောင်းများနှင့် မူလတန်းကြိုကျောင်းများကို ဦးစားပေးကဏ္ဍဖြင့် မျှတအောင်ဖွင့်လှစ်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တစ်ပြိုင်တည်း ပြည့်စုံလုံလောက်အောင် ဖွင့်လှစ်ပေးနိုင်ရန် အကန့်အသတ်များရှိပါကြောင်း၊ ထို့ကြောင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆရာဖြစ် သင်တန်းများဖွင့်၍ စနစ်တကျသင်ကြားပေးလျှက်ရှိကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးတွင် မိခင်ဝိုင်းများ၊ ကလေးထိန်းဌာနများနှင့် မူလတန်းကြိုကျောင်းများ သာမက နေအိမ်များတွင် မိဘများနှင့် မိသားစုဝင်များကပါ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင် အာဟာရအရေးကြီးပုံ၊ ရှေးဦးအရွယ်ကလေးသူငယ်များ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ကိုယ်ခန္ဓာ ပုံမှန်ကြီးထွားခြင်း ရှိ/မရှိကို မိမိတို့ကိုယ်တိုင် စောင့်ကြည့်ပြီး ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုမရှိပါက သက်ဆိုင်ရာကျွမ်းကျင်သူများနှင့် အချိန်မီစစ်ဆေးမှုခံယူသင့်ကြောင်း၊ ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုသည် အသက်(၃)နှစ်အတွင်း အကောင်းဆုံးဖြစ်ပြီး ဘဝတစ်လျှောက်သင်ကြား၊ သင်ယူမှု အကောင်းဆုံးရရှိရန် အသက်(၈)နှစ်အတွင်း နည်းစနစ်မှန်စွာဖြင့် လေ့ကျင့်နိုင်မှုအပေါ် မူတည်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက်လာကြသူများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီးထားဝယ်မြို့နယ်အတွင်း အသစ်ဖွင့်လှစ်မည့် မိခင်ဝိုင်း (၅)ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် (၁၈၂၈၁၀ဝ) ပေးအပ်၍ ကလေးငယ်များအား အမှိုက်ကို စနစ်တကျ စွန့်ပစ်မှု အလေ့အကျင့်ရရှိအောင် သရုပ်ပြလေ့ကျင့်ပေးခြင်းနှင့် ကစားစရာနှင့် အာဟာရမုန့်များပေးဝေသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရေကြီးရေလျှံမှုတွင် အသုံးပြုနိုင်မည့် ဖိုက်ဘာ စက်လှေ (၅)စီးအတွက် ငွေကျပ် (၉၇ ဒသမ ၅) သိန်းကို တာဝန်ရှိသူများထံ ပေးအပ်သည်။
(သတင်းစဉ်)


