ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တောင်ကြီးမြို့ရှိ မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများရှိ ဆရာမများ၊ ရှေးဦးအရွယ်ကလေးငယ်များ၏ မိဘများ၊ ပြုစုစောင့်ရှောက်သူများနှင့်တွေ့ဆုံ

တောင်ကြီး  ၈  စက်တင်ဘာ 


လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့သည် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများရှိ ဆရာမများ၊ ရှေးဦးအရွယ်ကလေးငယ်များ၏ မိဘများ၊ ပြုစုစောင့်ရှောက်သူများနှင့် ယမန်နေ့က တောင်ကြီးမြို့ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ရုံးခန်းမ၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုဝန်ထမ်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အသက်(၃)နှစ် အရွယ်အထိနေ့ ကလေးထိန်းကျောင်းများ၊မိခင်ဝိုင်းများ၊(၃)နှစ်မှ (၅)နှစ် အရွယ်အထိ အစိုးရမူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများနှင့်ပုဂ္ဂလိက မူကြိုကျောင်းများ၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစု စောင့်ရှောက်ရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းဖြင့် ပြုစုစောင့်ရှောက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်း အတာတွင် လိုအပ်ချက်များစွာရှိသည့်အတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေး ဆရာဖြစ်သင်တန်းများဖွင့်၍ စနစ်တကျသင်ကြားပေးလျက်ရှိပြီး ထို သင်တန်းဆင်းများက သတ်မှတ်ထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နေ့ကလေးထိန်းဂေဟာများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများကို ဖွင့်လှစ်ကြရန် တိုက်တွန်း ပါကြောင်း၊ ဝန်ကြီးဌာနကလည်းပူးပေါင်းကူညီပေးမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကလေးကျန်းမာပညာအဖွဲ့တို့ ပူးပေါင်း၍ကလေး(၃)နှစ်အရွယ်အထိပုံမှန်ဖွံ့ဖြိုးမှုရှိ /မရှိစိစစ် သိရှိနိုင်ရန် အချက်များကိုရေးသားပြုစုပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အွန်လိုင်းမီဒီယာများမှ တစ်ဆင့်မျှဝေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိဘများနှင့် မိသားစုဝင်များ ကိုယ်တိုင်မိမိတို့ ကလေးများ ပုံမှန်ဖွံ့ဖြိုးမှုရှိ /မရှိကိုသိရှိဆန်းစစ်နိုင်ပြီး လိုအပ်ပါကအချိန်မီပြုစု ကုသမှုခံယူခြင်းဖြင့် မသန်စွမ်းမှုများကို လျှော့ချကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ စနစ်ကျသော မူလတန်း ကြိုကာလပြုစုစောင့်ရှောက်ခြင်းသည် တစ်သက်တာ အကောင်းဆုံးသင်ကြား၊ သင်ယူမှုအတွက် အရေးကြီးကြောင်း၊ အနာဂတ်နိုင်ငံနှင့် အနာဂတ်မျိုးဆက်များ ကောင်းရန်ရှေးဦး အရွယ်ဘဝကို အလေးထားပြီးနိုင်ငံတော်က မဟာဗျူဟာများ၊ စီမံချက်များရေးဆွဲချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း ပြောကြားသည်။


ထို့နောက် ပရဟိတအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ မိဘများ၊ မိသားစုဝင်များက ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးဂေဟာများ၊ သင်တန်းကျောင်းဖွင့်လှစ်ခြင်း၊ ကာကွယ် စောင့်ရှောက် ခြင်းနှင့်ပတ်သက်၍ မေးမြန်းကြရာလူမှုဝန်ထမ်းဦးစီးဌာနညွန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ကလေး ငယ်များကို အာဟာရမုန့်နှင့် ကစားစရာအရုပ်များ ပေးဝေးခဲ့ကြသည်။ 


(သတင်းစဉ်)