နေပြည်တော် ၂၇ ဇန်နဝါရီ
ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အတူ တောင်ကုတ်မြို့ မြို့နယ်ခန်းမ၌ တောင်ကုတ်မြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ ဘိုးဘွားရိပ်သာနှင့် မိခင်ဝိုင်းများကို ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ၇ ကျောင်းအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၄၉ သိန်း၊ ရွှေမေတ္တာဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် ၄၈၆၆၀ဝ၀၊ မိခင်ဝိုင်း(၃)ဝိုင်း ဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် ၁၂၆၀ဝ၀ဝ နှင့် ကလေးငယ်များအတွက် ကစားစရာနှင့် အာဟာရမုန့်များပေးဝေခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဘေကျေးရွာရှိ ပုဇွန်၊ ဂဏန်း မွေးမြူရေးကန်ကို ကြည့်ရှုလေ့လာပြီး အနီးပတ်ဝန်းကျင်းရှိ လုပ်ငန်းခွင်ဝင် ကျေးရွာသူ၊ ကျေးရွာသားများအား တွေ့ဆုံ၍ ၎င်းတို့၏ အလုပ်အကိုင် အခွင့်အလမ်းများ၊ ကျန်းမာရေး၊ ပညာရေး ကိစ္စများကို ညှိနှိုင်းဆွေးနွေး ဖြည့်ဆည်းပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သံတွဲမြို့ ဒွါရာဝတီခန်းမ၌ကျင်းပသော သံတွဲခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် မိခင်ဝိုင်းများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်ပြီး မေတ္တာဝတီ ဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ ငွေကျပ် ၅၉၆၁၀ဝ၀၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၂)ကျောင်းအတွက် ထောက်ပံ့ ငွေကျပ် ၁၄၀ဝ၀ဝ၀၊ မိခင်ဝိုင်း(၅)ဝိုင်းဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် ၃၀၇၈၁၀ဝ နှင့် ကလေးငယ်များအတွက် ကစားစရာနှင့် အာဟာရမုန့်များပေးဝေကြပြီး စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ကလေးသူငယ်များ၊ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ အခမ်းအနားများတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ လုပ်ငန်းကော်မတီများဖွဲ့စည်းပြီး ဖွံ့ဖြိုးတိုးတက်မှုများကို တန်းတူညီမျှရရှိခံစားနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဖြစ်သော အသက် (၈၅)နှစ်နှင့် အထက်ဘိုးဘွားများကို လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှ မွေးဖွားသောကလေး အသက်(၂)နှစ်အထိ ငွေကြေးထောက်ပံခြင်းအစီအစဉ်နှင့်အတူ အာဟာရကျန်းမာရေးပညာပေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ပညာပေးနှင့် မိသားစုစီမံကိန်းပညာပေးခြင်းတို့ကိုပါ ထည့်သွင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ၎င်းကလေးငယ်များ ကိုယ်ခန္ဓာပုံမှန်ကြီးထွားရန်နှင့် ဦးနှောက်ဖွံ့ဖြိုးရန် ရှေးဦးအရွယ်ကလေး သူငယ်များ ပြုစုစောင့်ရှောက်ရေးနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေးဦးအရွယ် ကလေးငယ်များကို စနစ်တကျပြုစုစောင့်ရှောက်ပေးခြင်းသည် အနာဂါတ်နိုင်ငံအတွက် အကျိုးအမြတ်သေချာသည့် ရင်းနှီးမြုပ်နှံမှု တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန၏ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများသည် တိုင်းဒေသကြီး/ ပြည်နယ်များရှိ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ပြည်သူများပူးပေါင်းပါဝင်ခြင်းဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
(သတင်းစဉ်)