တောင်တွင်းကြီး ၁၂ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန၏ ရန်ပုံငွေဖြင့် တည်ဆောက်ထားသော တောင်ပြင်(၂) မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့၌ ကျင်းပသည်။

ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌတို့ က တောင်ပြင် (၂) မူလတန်းကြိုကျောင်း အဆောက်အဦသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မူလတန်းကြိုကျောင်း ကမ္ဗည်း မော်ကွန်းအား နံသာရည်ဖြင့် ပက်ဖျန်းပေးကြပြီး ကျောင်း၏ စာသင်ခန်းများ၊ ကလေး ကစားခန်းနှင့် စားသောက်ခန်းများကို လိုက်လံကြည့်ရှုကြသည်။

ထို့နောက် အခမ်းအနားအစီအစဉ်ကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေ ရရှိရေး၊ လျှပ်စစ်၊ လမ်း၊ တံတား၊ အဆောက်အအုံစသည့် အခြေခံလိုအပ်ချက်များကို ကဏ္ဍအသီးသီးက ကြိုးပမ်းဖြည့်ဆည်း လျက်ရှိပါကြောင်း၊ ထိုနည်းတူ လူသားစွမ်းရည်အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍသည် လည်း အရေးကြီးပါကြောင်း၊ နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးကို ဆောင်ရွက်ကြရာတွင် လူသားများ၏စွမ်းရည်သည် အရေးကြီးပါကြောင်း၊ ထို့ကြောင့် စွမ်းဆောင်ရည်ကောင်းသော၊ အတွေးအခေါ်အယူအဆမှန်ကန်သော၊ လူမှုသဟဇာတ ဖြစ်အောင် နေထိုင်နိုင်သော လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေးသည် ရှေးဦး အရွယ် ကလေးသူငယ်ဘဝမှ စတင်ဆောင်ရွက်ရပါကြောင်း၊ ကလေးသူငယ်များ၏ဘဝသည် အရေးကြီးသကဲ့သို့ မိဘများ၊ မိသားစုဝင်များ၊ ပြုစုစောင့် ရှောက်သူများ၏ ကဏ္ဍသည်လည်း အရေးကြီးပါကြောင်း။

နိုင်ငံတော်အစိုးရက ရှေးဦးအရွယ်ကလေးသူငယ် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကလေးသူငယ်များအတွက် ဥပဒေများရှိပြီးဖြစ်သည့် အတွက် အားလုံးလိုက်နာကြရ မည်ဖြစ်ကြောင်း၊ မိဘများ၊ မိသားစုဝင်များအနေဖြင့် ကလေး သူငယ်များကို ပြုစုစောင့်ရှောက်သော နည်းစနစ်များရှိပြီး ဖြစ်သည့်အတွက် လေ့လာမှတ် သားထားကြရန်လိုပါကြောင်း၊ အဆိုပါနည်းစနစ်များဖြင့် မူကြိုကျောင်းများတွင် လေ့ကျင့် ပျိုးထောင်ပေးပါကြောင်း၊ သို့သော်လည်း အစိုးရမူကြိုကျောင်း (၁၃၃)ကျောင်း၊ ကိုယ့်အား ကိုယ်ကိုး မူကြိုကျောင်း (၁၀၂၄) ကျောင်းသာ အစိုးရပံ့ပိုးမှုဖြင့် ဖွင့်လှစ်ပေးနိုင်သေးသည့် အတွက် လုံလောက်မှုမရှိသေးပါကြောင်း၊  ထို့ကြောင့် မိခင်ဝိုင်းများကို လူမှုရေးအဖွဲ့ အစည်း များ၊ ပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့် တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ပုဂ္ဂလိက မူကြိုကျောင်းများကို အနိမ့်ဆုံးရှိရမည့် စံချိန်/ စံညွှန်းများ သတ်မှတ်ပေးပြီး ဖွင့်လှစ်ခွင့်ပေး ထားပါကြောင်း၊ အသိအမှတ်ပြု၍ နည်းစနစ်ကျသောရှေးဦး အရွယ်ကလေးသူငယ် ပြုစု စောင့်ရှောက်ရေး ဆရာဖြစ်သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း နှင့် အဓိကအရေးကြီးသော မိဘများ၊ မိသားစုဝင်များအတွက် ကလေးသူငယ်များ၏ ရက်ပေါင်း (၁၀ဝ၀)ကာလ အရေးကြီးပုံနှင့် ပြုစုပျိုးထောင်မှုနည်းစနစ် အသိပညာများ ရရှိ သွားစေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသိပညာပေးမှုများ ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် မိမိတို့၏လုပ်ငန်းများ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ထိရောက်အောင်မြင် အောင် ပူးပေါင်းပါဝင်ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တောင်တွင်းကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က တောင်ပြင်(၂) မူလတန်းကြိုကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားပြီး တောင်ပြင်(၂) မူလတန်းကြိုကျောင်း၏ မိဘဆရာအသင်း နာယက က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ကလေးငယ်လေးများက စည်းလုံးစို့လေ သွေးချင်းတို့ရဲ့ပြည် သီချင်းဖြင့် သရုပ်ဖော် ဖျော်ဖြေကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ကလေးငယ် များအား ကစားစရာများ ပေးဝေပြီး ဘင်ခရာတီးခတ်ဖျော်ဖြေပေးသော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)