နေပြည်တော် ၁ စက်တင်ဘာ
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်တို့သည် ယနေ့တွင် မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့ မှုများနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေနစ်မြုပ်သွားသောစိုက်ပျိုးသီးနှံများအတွက် အထောက်အပံ့များ ပေးအပ်ကြသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိတ်ခရိုင် တနင်္သာရီမြို့ မြို့နယ်ခန်းမရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၌ ရေဘေးသင့် ပြည်သူများအား အားပေးစကားပြောကြားပြီး သက်တမ်းတို မျိုးစပါးအတွက် ထောက်ပံ့ငွေကျပ် (၆၀ ဒသမ ၆၉)သန်း၊ ဖိုက်ဘာစက်လှေ(၅)စီးအတွက် (၉၇ ဒသမ ၅)သိန်း၊ ရေဘေးသင့်ပြည်သူ (၄၃၈)ဦးအတွက် ဆန်ရိက္ခာဘိုးငွေကျပ် ၉၁၉,၈၀ဝ၊ အသက်ဆုံးရှုံးသွားသော တပ်မတော်သား(၁)ဦးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေကျပ် (၂)သိန်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများနှင့် ကလေးငယ်များအတွက် အာဟာရမုန့်များ၊ ကစားစရာအရုပ်များ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကန်ကြီး ဘုန်းကြီးကျောင်းနှင့် ချောင်းကြီး ဘုန်းကြီးကျောင်းတို့၌ ဖွင့်လှစ်ထားသော ယာယီရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး စားနပ်ရိက္ခာများ ထောက်ပံ့ခြင်းနှင့် ကလေးငယ်များအား အာဟာရမုန့်များ၊ ကစားရာအရုပ်များပေးဝေသည်။ ထို့နောက် ကျောင်းတိုက်ဆရာတော်များအား ဖူးမြော်၍ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ယာယီရေဘေးကယ်ဆယ်ရေးစခန်များ၌ ရေဘေးသင့် ပြည်သူများအားတွေ့ဆုံ၍ အားပေးစကားပြောကြားရာတွင် တနင်္သာရီမြို့နယ်၌ ရေကြီးမှုများ နှစ်စဉ်ဖြစ်ပွားလျက်ရှိရာ အသက်ဆုံးရှုံးမှုမရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးသည် အရေးကြီးပါကြောင်း၊ ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများကိုလည်း ရေဘေးဆောင်ရန်၊ ရှောင်ရန်နှင့် လိုက်နာရန်အချက်များကို အသိပညာပေးထားရန် လိုအပ်ကြောင်း၊ ယာယီနေထိုင်စဉ်ကာလအတွင်း စားနပ်ရိက္ခာများအတွက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ရန်ရှိသည်များကို ပြည်သူများထံမှ အကြံဉာဏ်များရယူလိုကြောင် းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တနင်္သာရီမြို့ မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်ထားသော ကွပ်ကဲရေးစခန်းသို့ ရောက်ရှိပြီး ဆန်ရိက္ခာများ၊ လှူဒါန်းပစ္စည်းများ စနစ် တကျထောက်ပံ့နိုင်ရေးပေါင်းစပ်ညှိနှိုင်းခဲ့သည်။
တနင်္သာရီမြစ် ရေကြီးရေလျှံမှုကြောင့် ပြည်သူများ နှစ်စဉ် ရေဘေးဒဏ်ခံနေရသောကြောင့် (၂၀၁၄)ခုနှစ်တွင် မြစ်ရေကြီးမှုမှ ကာကွယ်ရန်တာဖို့ခြင်း၊ ရေတံခါး (၂) ခု တည်ဆောက်ခြင်း၊ ရေစုပ်စက်ကြီး (၂) လုံးဖြင့် ရေစုပ်ထုတ်ခြင်းများကို ဆောင်ရွက်ထားရှိပြီး ဖြစ်သော်လည်း ယခုအခါ ရေတံခါးမှ ရေမထုတ်နိုင်ခြင်း၊ မြို့အတွင်းစီးဝင်နေသော မိုးရေများနှင့်ရေတံခါးမလုံတော့သည့်အတွက် ကာလကြာ ရေကြီးမှုဒဏ်ကို ခံစားနေရကြောင်း၊ ထိုမြစ်ရေကြီးရေလျှံမှုနှင့် မြို့တွင်းရေကြီးမှုဒဏ်ကို လျော့ချနိုင်ရေးအတွက် ရေတံခါးများ ပြန်လည်ပြုပြင်ခြင်း၊ မြို့ပတ်တာနှင့် ရေနှုတ်မြောင်းများပြုပြင်ခြင်းနှင့် တနင်္သာရီမြစ်ကြောင်း တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများအတွက် အစီအမံများ ဆက်လက်ဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း လတ်တလော ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး စိုက်ပျိုးလယ်မြေများ ရေလွှမ်းပျက်စီးခဲ့ခြင်းကြောင့် အချိန်မီ စပါးများပြန်လည်စိုက်ပျိုးနိုင်ရန် လိုအပ် လျက်ရှိရာပြန်လည်စိုက်ပျိုးနိုင်မည့် လယ်ဧက (၆၀၆၉) ဧကရှိရာ တာဝန်ရှိဌာနဆိုင် ရာများနှင့် တိုင်းဒေသကြီးအစိုးရ၏ အတည်ပြုချက်အရအရေးပေါ်လိုအပ်သော သက်တမ်း တိုမျိုးစပါးများဝယ်ယူအသုံးပြုနိုင်ရန် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


