နေပြည်တော် ၁၃  ဇွန် 
    

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် Mr. Eamon Gilmore ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
    

ထိုသို့တွေ့ဆုံစဉ် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခများနှင့်စပ်လျဉ်း၍  ဆိုးရွားသောကျူးလွန်မှု(၆)မျိုးကို ကာကွယ်ရန် အမျိုးသားကော်မတီဖွဲ့စည်းဆောင်ရွက်နေမှု၊ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ပူးတွဲကြေငြာချက် (Joint Communiqe) အား အကောင်အထည်ဖော်ရေးဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် UEHRD အပါအဝင် သက်ဆိုင်ရာကော်မတီ အသီးသီးနှင့် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့မှ ညှိနှိုင်းဆောင်ရွက်နေမှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး ဆောင်ရွက်နေမှု နောက်ဆုံးအခြေအနေများ၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများမှ ပါဝင်ဆောင်ရွက်မည့် အနေအထားနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးစခန်း များကို ပိတ်သိမ်းနိုင်ရေးအတွက် အမျိုးသားအဆင့်မဟာဗျူဟာရေးဆွဲ ဆောင်ရွက်နေမှုပြီးစီး တော့မည့်အခြေအနေများ၊ ကချင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်းနိုင်ရေးနှင့် ပြန်လည် နေရာချထားရေးအတွက် လုပ်ငန်းအဖွဲ့အား ဖွဲ့စည်းခဲ့ပြီးနောက် ကချင်ဒေသစစ်ဘေး ရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ(KHCC)နှင့် ညှိနှိုင်းဆောင်ရွက်နေမှု များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်