နေပြည်တော် ၁၇ ဇန်နဝါရီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် World Bank Global Director for Social Development, Ms. Louise Cord နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်မှုများနှင့် လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးသူငယ်များအား အသက်(၂)နှစ်ထိ ငွေကြေးထောက်ပံ့သည့် အစီအစဉ်(MCCT) ကဲ့သို့ စီမံချက်များအား ကျန်ရှိနေသေးသော ပြည်နယ်/တိုင်းဒေသကြီးများသို့ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကမ္ဘာ့ဘဏ်က Grant ပေးအပ်စေလိုသည့်ကိစ္စ၊ ကျား/မရေးရာနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ဝန်ကြီးဌာနက ဆောင်ရွက်နေမှုများနှင့် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း၍ ဆောင်ရွက်နိုင်မည့် အခြေအနေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ လူထုအခြေပြု သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများ၊ သဘာဝဘေးခံစားရလေ့ရှိသည့် ဒေသများတွင် ဘေးအန္တရာယ်အလိုက် ဆိုင်ကလုန်း Shelter များ၊ ဘက်စုံသုံး Shelter များနှင့် လိုအပ်သော အခြေခံအဆောက်အဦးများ တည်ဆောက်ရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့် ပတ်သက်၍ လိုအပ်သော အစီအမံများကို ကျေးရွာအဆင့်မှ စတင်၍ ပြင်ဆင်ဆောင်ရွက်နိုင်ရေးစသည်တို့နှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်မှ ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး၊ မူးယစ် ဆေးဝါးသုံးစွဲသူများအား ပြန်လည်ထူထောင်ရေး လူကုန်ကူးခံရသူများနှင့် တပ်မတော်မှ နုတ်ထွက်ခွင့်ပေးလိုက်သော ကလေးသူငယ်များစသည်တို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေး၊ လူမှုရေးပြသာနာများ ဖြေရှင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးများ တိုးမြှင့်ကာကွယ်ပေးရေး၊ မသန်စွမ်းသူများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း အပြည့်အဝ ပါဝင်ဆောင်ရွက်နိုင်ရေး အကူအညီများ ရယူနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်