နေပြည်တော် ၁ မတ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒိန်းမတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ State secretary for Development Policy, Ms. Trine Rask Thygesen တို့သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံကြသည်။
ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရမှ စဉ်ဆက်မပြတ်ဆောင်ရွက်မှုများ၊ ပဋိပက္ခများ ဖြစ်ပွားပြီး နောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေးအတွက် UEHRD အစီအစဉ်၊ လူငယ်လုပ်အားပေးမှုအစီအစဉ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ICRC/IFRC တို့ပူးပေါင်း၍ ကြက်ခြေနီလှုပ်ရှားမှုအဖြစ် ဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်း၍ မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုး၍ စာချုပ်ပါအတိုင်း မြန်မာဘက်မှ ပြင်ဆင်ထားရှိမှုများနှင့် ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေးအတွက် ရခိုင်ပြည်နယ် ရင်နှီးမြှုပ်နှံမှုပြပွဲအား ကျင်းပခဲ့မှု၊ ဒိန်းမတ်နိုင်ငံ ရန်ပုံငွေဖြင့် မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ငါးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိမှုများ၊ ဒိန်းမတ်နိုင်ငံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


