နေပြည်တော် ၁၆ ဇန်နဝါရီ 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး မစ္စတိုရှိကိုအာဘေးတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မေခလာခန်းမ၌ တွေ့ဆုံကြသည်။

 

တွေ့ဆုံစဉ် ရခိုင်ပြည်နယ် အရေးကိစ္စနှင့်စပ်လျဉ်း၍ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဆောင်ရွက်နေမှုများအပေါ် ထောက်ခံကူညီပေးနေမှုများ၊ ဂျပန်အစိုးရ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂအဖွဲ့အစည်း(၆)ဖွဲ့၏ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာသူများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်နေမှုများ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နှစ်နိုင်ငံသဘောတူညီမှုအရ ပြန်လည်လက်ခံရေး ဆောင်ရွက်မည့် အစီအစဉ်များ၊ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများသို့ ပြန်လည်လက်ခံရေးနှင့် ပတ်သက်သည့် Fact-Sheet သတင်းလွှာဖြန့်ဝေရန် ဆောင်ရွက်နေမှုများ၊ ဂျပန်နိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မသန်စွမ်းသူများအပါအဝင် လူမှုဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နှစ်ကာလ ကြာရှည်စွာ တည်ရှိလာသည့် ရခိုင်အရေးကိစ္စ ဆောင်ရွက်ရာတွင် အခက်အခဲများစွာရှိသော်လည်း အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် မိတ်ဆွေနိုင်ငံများ၏ ပူးပေါင်းကူညီမှုဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

(သတင်းစဉ်)