နေပြည်တော်၊ ၁၅ ဒီဇင်ဘာ
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba ကို ယနေ့နံနက် ၆ နာရီခွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှ Virtual Meeting ဖြင့် လက်ခံဆွေးနွေးသည်။
ဆွေးနွေးစဉ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ၂၀၁၉ ခုနှစ်အတွက် နှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက်တွဲဖြစ်သည့် ကလေးစစ်သည် စုဆောင်းမှုနှင့် အသုံးပြုမှုစာရင်းမှ မြန်မာ့တပ်မတော်ကို ပယ်ဖျက်ပြီး နောက်ပိုင်း စောင့်ကြည့်ကာလ ၁ နှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် လမ်းပြမြေပုံ (roadmap) အကောင်အထည်ဖော်ရေး ကိစ္စအပါအဝင် မြန်မာနိုင်ငံဆိုင်ရာ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးအဖွဲ့ (The Country Task Force on Monitoring and Reporting- CTFMR) နှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ စစ်ရေးချုပ်ရုံး၊ စစ်ဥပဒေချုပ်ရုံး၊ တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံးနှင့် တပ်မတော်မှတ်တမ်း ညွှန်ကြားရေးမှူးရုံးတို့မှ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ရေးထိန်းသိမ်းရေး ကော်မတီဝင်များ၊ ကာကွယ်ရေးဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂဘက်မှ မြန်မာနိုင်ငံဆိုင်ရာ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးအဖွဲ့၊ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr.Ola Almgrem နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့၊ ဌာနေကိုယ်စားလှယ် Ms. June Kunugi တို့ အွန်လိုင်းမှ ပါဝင်တက်ရောက်ဆွေးနွေးကြသည်။
သတင်းစဉ်


