နေပြည်တော်  ၈   ဒီဇင်ဘာ

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၄၁)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဖလား လက်ဝှေ့ပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအား ကစားကွင်း လက်ဝှေ့ရုံ၌ စတင်ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဝန်ကြီးဗိုလ်ချုပ် အောင်သူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များနှင့် ရဲအရာရှိကြီးများ၊ ဖိတ်ကြားထားသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ နည်းပြများနှင့် အုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပိတ်ပွဲအခမ်းအနား အမှာစကား​ပြောကြားပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယရဲချုပ်(၁)နှင့် ဒုတိယရဲချုပ်(၂)တို့က လူသစ်တန်းပြိုင်ပွဲများတွင် ဆုရရှိသူများ အားလည်းကောင်း၊ ရဲချုပ်ကအလွတ်တန်းပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် လူသစ်တန်းအကောင်းဆုံး လက်ဝှေ့သမားဆုရရှိသူတို့အား လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများပေးအပ်၍ လူသစ်တန်းတံခွန်စိုက် ဆုရရှိသည့် အမှတ်(၂) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံးအသင်းအား ဆုဖလားချီးမြှင့်ခဲ့ပြီး ဒုတိယဝန်ကြီးက အလွတ်တန်းပြိုင်ပွဲများတွင် ဆုရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများပေးအပ်ကာ အလွတ်တန်း တံခွန်စိုက်ဆုရရှိသည့် မှုခင်းရဲတပ်ဖွဲ့ အသင်းအား ဆုဖလားချီးမြှင့်သည်။

 

ယင်းနောက်     ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က အလွတ်တန်း ပြိုင်ပွဲများတွင် ဆုရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ကာ ရဲချုပ်တံခွန်စိုက်ဖလားဆုရရှိသည့် မှုခင်းရဲတပ်ဖွဲ့အသင်းအား တံခွန်စိုက်ဖလားချီးမြှင့်ပေး အပ်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)