နေပြည်တော် ၂၉   နိုဝင်ဘာ

 

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ နိုဝင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ကျင်းပသည့် (၁၃)ကြိမ်မြောက် အာဆီယံ ဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (13th ASEAN Ministerial Meeting on Transnational Crime and Its Related Meetings – 13th AMMTC) သို့ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Marriott Marquis Queen’s Park Hotel တွင် ကျင်းပပြုလုပ်ရာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ ဝန်ကြီးအဆင့်များ၊ အာဆီယံဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အဆင့်မြင့် အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ ၂၀ဝ ခန့် တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေး ပထမနေ့တွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်မှ စတင်၍ AMMTC သဘာပတိတာဝန်ကို လက်ခံရယူတာဝန် ထမ်းဆောင်ခဲ့ရာ ၎င်းတာဝန်ယူစဉ်ကာလ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့် ရလဒ်များ၊ ဆက်လက် ဆောင်ရွက်ရန်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကြီး ချန်ချိုင်းချိန်မောင်ကို ထံသို့ သဘာပတိတာဝန်များကို လွှဲပြောင်းပေးခဲ့သည်။

 

(၁၃)ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ စုံညီအစည်းအဝေး၊ ဝန်ကြီးအဆင့် အာဆီယံ+၃၊ အာဆီယံ+တရုတ်၊ အာဆီယံ+ဂျပန်နှင့် အာဆီယံ+ကိုရီးယားနိုင်ငံတို့နှင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးများကို နိုဝင်ဘာ ၂၈ ရက်အထိ တစ်ဆက်တည်း ကျင်းပပြုလုပ်ခဲ့ပြီး အာရှဒေသအတွင်း တိုးတက်ဖြစ်ပေါ်လာသော အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်းနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတို့နှင့် စပ်လျဉ်း၍ အကောင်အထည် ဖော် မည့်လုပ်ငန်းစီမံချက်များ၊ ဒေသတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ထိန်းချုပ်မှု၊ နည်းပညာအသုံးပြုမှု၊ စွမ်းရည်မြှင့်တင်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ အပြန်အလှန် ညှိနှိုင်းဆွေးနွေး၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်များကို အတည်ပြုခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးတက်ရောက်စဉ်ကာလအတွင်း ဗီယက်နမ်နိုင်ငံ၊ ပြည်သူ့ရေးရာ လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး H.E. Gen. (Ret.) TO Lam၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့ရေးရာ လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (စီမံခန့်ခွဲရေး) H.E. Wang Xiaohong တို့နှင့် သီးခြားစီတွေ့ဆုံ၍ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ ဆွေးနွေးခဲ့ကြသည်။

 

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၉ ရက် နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)

 

222 Capt