နေပြည်တော် ၁၀ ဇွန်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Saurabh Kumar အား ယနေ့နံနက် (၁၁) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ဖြင့် နှစ်အလိုက် တစ်ကြိမ်လျှင် အမေရိကန် ဒေါ်လာ (၅) သန်းဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အကောင်အ ထည်ဖော်ဆောင်ရွက် လျက်ရှိသည့် လမ်းပန်းဆက်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လမ်း/တံတားကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍများတွင် အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာကိစ္စ ၊ အိန္ဒိယနိုင်ငံ အစိုးရ၏ Indian Technical and Economic Cooperation (ITEC) အစီအစဉ်အရ ဖွင့်လှစ်ခဲ့သော ပညာသင်ဆုများဖြစ်သည့် အင်္ဂလိပ်စာကျွမ်းကျင်မှုနှင့် ဘာသာရပ်ဆိုင်ရာ သင်တန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများအား ရွေးချယ်လေ့ကျင့်ပေးခဲ့မှု၏ အကျိုးရလဒ်များ၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ကဏ္ဍအသီးသီး၌ လိုအပ်ချက် ရှိသည်များအား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
မြန်မာ-အိန္ဒိယချစ်ကြည်ရေး စီမံကိန်းအရ နှစ်နိုင်ငံ နယ်နိမိတ်ထိစပ်နေသည့် နယ်စပ် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာကို ၂၀၁၂ ခုနှစ် မေ ၂၈ ရက်တွင် ရေးထိုးခဲ့ပြီး နှစ်အလိုက် တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ (၅) သန်းဖြင့် (၅) ကြိမ်အတွက် အမေရိကန်ဒေါ်လာ (၂၅) သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)