နေပြည်တော် ၂၂ ဇန်နဝါရီ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်တေဇကျော်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး နေလင်းထွန်းတို့နှင့်အတူ ဇန်နဝါရီ ၂၀ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပူတာအိုခရိုင်အတွင်း ရှိမဂွေဇ-ခေါင်လန်ဖူးလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပူတာအိုမှ မဂွေဇသို့ မော်တော်ယာဉ်များဖြင့် မဂွေဇ-ဆန်းလွှတ်ချက် လမ်းအပိုင်းတွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ကျောက်ခင်းလမ်း အခြေအနေ၊ ဆောင်ရွက်ဆဲ တံတားတည်ဆောက်ရေးလုပ်ငန်းနှင့် မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇီဝဒမ်းလမ်းလုပ်ငန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅/၄) မိုင်ကို အပိုင်း (၁) အဖြစ် မဂွေဇမှ ငါ့လုံဒမ်းအထိ (၂၅/၄) မိုင်၊ အပိုင်း (၂) အဖြစ် ငါ့လုံဒမ်းမှ လုံးထုံဘိုတဲအထိ (၁၀/၀) မိုင်၊ အပိုင်း (၃) အဖြစ် လုံးထုံဘိုတဲမှ မေခမြစ်အနီးဆီဆုံအထိ (၁၀/၄) မိုင်၊ အပိုင်း (၄) အဖြစ် ဆီဆုံမှ ခေါင်လန်ဖူးအထိ (၁၉/၄)မိုင်ကို နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်၊ တပ်မတော်၏ အနီးကပ်ကြီးကြပ် ထောက်ပံ့ပူးပေါင်းဆောင်ရွက်မှု ဒေသခံပြည်သူနှင့် လက်တွဲ၍ နယ်စပ်ရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အထိ စီမံကိန်းအပြီးသတ် ဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း။
အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်လတ်က မဂွေဇ-ခေါင်လန်ဖူးလမ်းနှင့် ခါဂါဘိုရာ ဇီတောင် ခြေအမျိုးသား သဘာဝဥယျာဉ် လမ်းပိုင်းဖြစ်သော ပန်နန်းဒင်-ကဝိုင်-ဓဟွမ်ဒမ်း လမ်းနှင့် မဂွေဇ-ခေါင်လန်ဖူးလမ်းများ ဖောက်လုပ်နေမှု၊ လူအင်အားစုဖွဲ့မှု၊ ယာဉ်/ယန္တရားစုဖွဲ့မှု၊ စက်သုံးဆီ၊ ယမ်းနှင့်ဆက်စပ်ပစ္စည်းများ ပို့ဆောင်ထိန်းသိမ်းထားရှိမှု၊ နှစ်အလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများကိုလည်းကောင်း၊ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းတာဝန်ခံအရာရှိ ဗိုလ်ကြီးဇင်ဝင်းထိုက်က တပ်မတော်စစ်မြေပြင် အင်ဂျင်နီယာများ အကူအညီဖြင့် တစ်ကြောင်းထိုး မြေလမ်းဖောက်လုပ်ရေး လုပ်ငန်းတွင် ကျောက်တောင်များကို မိုင်းထုပ်ခြင်း၊ မိုင်းဆင်ခြင်း၊ မိုင်းခွဲခြင်းလုပ်ငန်းစဉ်များနှင့် တပ်မတော်ရဟတ်ယာဉ်ဖြင့် ခေါင်လန်ဖူးသို့ ပို့ဆောင်ခဲ့သော စက်ယန္တရားနှစ်စီးဖြင့် အဖွဲ့ခွဲဆောင်ရွက်ထားရှိမှုများကို လည်းကောင်း။
ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးဒီပါမောင်က လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးရေးအတွက် လမ်းအူကြောင်းအတိုင်း တစ်ကြောင်းထိုးရှေ့ပြေးလမ်း ဖောက်လုပ်ရေးအဖွဲ့၏ ဆောင်ရွက်နေမှုအခြေအနေများနှင့် တွေ့ကြုံရသည့် အခက်အခဲများကိုလည်းကောင်း၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးဇော်လှိုင်ဝင်းက တစ်ကြောင်းထိုးဆောင်ရွက်ပြီး အမာခံမြေသား လမ်းအပေါ်တွင် ရာသီမရွေးသွားလာနိုင်ရေးအတွက် ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းမှူးဗိုလ်ချုပ်တေဇကျော်တို့က လုပ်ငန်းများ အောင်မြင်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး လမ်းစီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေသည့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များနှင့် ဒေသခံဌာနေလုပ်သားများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆန်းလွှတ်ချက်တောင်ထိပ်အထိ သွားရောက်ခဲ့ပြီး ဆန်းလွှတ်ချက်မှ ရီဒမ်းကြိုးတံတားသို့ ဆက်လက်ဖောက်လုပ် ပြီးစီးမှုအခြေအနေများကို တောင်ထိပ်မှ ကြည့်ရှုခဲ့ပြီး ညအိပ်ရပ်နားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် မဂွေဇ-ခေါင်လန် ဖူးလမ်း (၄၂/၂)မိုင်နေရာသို့ ရောက်ရှိခဲ့ပြီး ရဟတ်ယာဉ်ကွင်းဖောက်လုပ်ထားမှု၊ ကျောက်တောင်များမိုင်းခွဲရန် ပြင်ဆင်နေမှု၊ ယန္တရားများဖြင့် လမ်းဖောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းလုပ်ငန်းဆောင်ရွက်နေကြသည့် ဝန်ကြီးဌာနဝန်ထမ်းများ၊ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ စစ်သည်များနှင့် ဒေသခံဌာနေလုပ်သားများအား လမ်းဖောက်လုပ်ခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးရေးအတွက် တာဝန်ကျေပွန်ရုံသာမက မွန်မြတ်သော လုပ်ငန်းဖြစ်သဖြင့် စေတနာရောဝီရိယပါ စိုက်ထုတ်ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ယခုလိုကြမ်းတမ်းသည့် ရာသီဥတုခက်ခဲသည့် မြေပြင်အနေအထားတွင် လုပ်ငန်းဆောင်ရွက်နေကြသူများကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့် ကျန်းမာရေး ဂရုစိုက်ကြရန် အားပေးစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေခမြစ်ကူးရီဒမ်းကြိုးတံတားအထိ မြေပြင်အခြေအနေအရ ခြေလျင်ခရီးဖြင့် သွားရောက်ပြီး ဆက်လက်ဖေါက်လုပ်မည့် လမ်းအူကြောင်းအခြေအနေနှင့် မေခမြစ်အားယန္တရားကြီးများ ဖြတ်ကူးနိုင်မည့်နေရာ၊ ဖောင်ကူးဆိပ် ဆောင်ရွက်မည့် နေရာများကို ရီဒမ်းကြိုးတံတားပေါ်မှ ကြည့်ရှုပြီးအတည်ပြုရွေးချယ် ဆုံးဖြတ်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် မိုင်တိုင် ၄၂ မှ မဂွေဇသို့ ပြန်လည်ထွက်ခွာခဲ့ပြီး မဂွေဇလမ်းစခန်းတွင် ဆောင်ရွက်ထားရှိပြီးဖြစ်သော မေခမြစ်ဖြတ်ကူးရန် အသုံးပြုမည့် ကူးတို့ဖောင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တပ်မတော်ရဟတ်ယာဉ်ဖြင့် ပူတာအိုသို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ကြိုးပမ်းမှုဖြင့် မဂွေဇ-ခေါင်လန်ဖူးလမ်း ဖောက်လုပ်ရာတွင် ပထမရည်မှန်းချက်ဖြစ်သော မဂွေဇ-မေခမြစ်အပိုင်းတွင် အခက်ခဲဆုံးဖြစ်သောပေ (၇၇၀၀) ဆန်းလွှတ်ချက်တောင်အား ခက်ခဲစွာကြိုးပမ်းဖြတ်ကျော်နိုင်ခဲ့ပြီး တောင်ဆင်းကားလမ်း (၄၂/၂) မိုင်အထိ ဖောက်လုပ်နိုင်ခဲ့ပြီဖြစ်သဖြင့် ယခင်ကမဂွေဇမှ ခေါင်လန်ဖူးသို့ ဒေသခံပြည်သူများ ခက်ခဲပင်ပန်းအချိန်ကြာမြင့်စွာ ကူးလူးသွားလာခဲ့ရမှု အခြေအနေမှ မကြာမီ ကားလမ်းပေါက်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်သဖြင့် ခေါင်လန်ဖူးဒေသ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်