နေပြည်တော် ၁၆ မေ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် တို့နှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေ ၁၅ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် ကျောက်ဂူ-နောင်ဝိုးလမ်းပေါ်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကတ္တရာလမ်း (၅/ဝ)မိုင်၊ ကျောက်လမ်း (၂/ဝ)မိုင် ဖောက်လုပ်ခြင်း၊ ကျောက်လမ်း (၁၅/ဝ)မိုင် ပြုပြင်ထိန်းသိမ်းခြင်းနှင့် တံတား (၃) စင်း တည်ဆောက်ခြင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ (၆)လရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် (၂၅)ပေ ကွန်ကရစ်တံတား (၂)စင်း၊ (၈)ပေ Box Culvert (၃) စင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နောင်ဝိုး-ပန်ဝပ်-သဘာဝတံတား လမ်းပိုင်းသို့ ရောက်ရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် ပထမ (၆) လရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နောင်ဝိုး-ညဉ့်စဉ် ကျောက်ချောလမ်း (၂/ဝ) မိုင် ပြီးစီးမှု၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ညဉ့်စဉ်မှ သဘာဝတံတားအထိ ပြည်ထောင်စု အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ကျောက်ချောလမ်း (၇/ဝ)မိုင်နှင့် ပြည်နယ်အစိုးရရန်ပုံ ငွေဖြင့် ကျောက်ချောလမ်း (၃/ဝ)မိုင် ဖောက်လုပ်မှုနှင့် အဆိုပါ လမ်းပေါ်ရှိ ပေ(၂၀) တံတား (၂) စင်း၊ (၁၀) ပေတံတား (၁) စင်း တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ ရောက်ရှိစစ်ဆေးခဲ့ပြီးသတ်မှတ်ကာလအတွင်းပြီးစီးရေး၊ အရည်အသွေးစံချိန်စံညွှန်းကောင်းမွန်စေ ရေး၊ ရေနုတ်မြောင်းများနှင့် လမ်းပခုံးများကို ရေစီးရေလာကောင်းရန်အတွက် စနစ်တကျဆောင်ရွက် ရန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် သဘာဝတံတားမှ နမ့်လန်အထိ (၁၅/၄) မိုင် မြေသားလမ်းအား အဆင့်မြှင့်တင်ခြင်း (ဗြုန်းလမ်း) လုပ်ငန်းနှင့် သဘာဝတံတားမှ နမ့်လန်အထိ လမ်းဖောက်လုပ်ပြီးစီးမှုအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယခုဖောက်လုပ်နေသော တောင်ကြီး- ရပ်စောက်- ကျောက်ဂူ- ညဉ့်စဉ်- ပန်ဝပ်- သဘာဝတံတား- နမ့်လန်- သီပေါ-လားရှိုးလမ်းမှာ ကျောက်ဂူ-ညဉ့်စဉ်-ပန်ဝပ်-သဘာဝတံတားအထိ (၃၆/၂) မိုင်လမ်းပိုင်းကို နယ်စပ်ရေးရာဝန်ကြီးဌာန နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍လည်းကောင်း၊ သဘာဝတံတား-နမ့်လန်အထိ (၁၅/၄) မိုင် လမ်းအပိုင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှလည်းကောင်း တာဝန်ယူ၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလမ်းပြီးစီးပါက ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဆက်သွယ် သည့် လမ်းများအနက် အတိုဆုံးလမ်းကြောင်းအဖြစ် သွားလာနိုင်မည်ဖြစ်သည့်အပြင်ဂုတ်တွင်း ဒေသကို ဖြတ်သန်းစရာမလိုအပ်သဖြင့် ဂုတ်တွင်း(ဂုတ်ထိပ်)ဒေသ၌ မော်တော်ယာဉ်များ ယာဉ်ကြောပိတ်ဆို့မှု အခက်အခဲကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး မြန်မာပြည်အလယ်ပိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသရှိ ပြည်သူလူထုအတွက် များစွာအကျိုးရှိမည်ဖြစ်ရာ ရေရှည်တွင် အဓိကကျသော မဟာဗျူဟာဆက်သွယ်ရေးလမ်းအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆက်လက်အဆင့်မြှင့်တင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်ပန်းမြို့နယ် နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်း တည်ဆောက်နေမှု လုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်အတွင်းရှိ ပုံးဖြွမ်း-နမ့်ကွတ်-မုံးထ-ဟိုတကောင် (ဟိုတပ်) လမ်း (၂/၄) မိုင် မြေသားလမ်းနှင့် အဆိုပါ လမ်းပေါ်ရှိ Box Culvert (၁၀) စင်း ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းများကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)