စစ်တွေ မေ ၂၂
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် တာဝန်ရှိသူ များနှင့်အတူ စစ်တွေမြို့နယ်ရှိ ကံ့ကော်ကျွန်း-ဇော်မတက်-ချောင်းနွယ် ကျေးရွာချင်း ဆက်လမ်း ၅/၇မိုင် လမ်းပေါ်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ် ၂၆၀ ဒသမ ၉၄၈ သန်းဖြင့် ကွန်ကရစ်လမ်း ၁ မိုင် ဆောင်ရွက်ပြီးစီးမှု ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေကျပ် ၂၉၄ဒသမ၇၇၈ သန်းဖြင့်တည်ဆောက်ခဲ့သည့် ဇော်မတက်ချောင်းကူးတံတားပေ ၁၅၀ ၏ ကြံ့ခိုင်မှုအခြေအနေများကိုလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေကျပ် ၃၀၇ ဒသမ ၈၇၅ သန်းဖြင့် ဆက်လက်အကောင်အထည်ဖော်မည့် ကွန်ကရစ်လမ်းအူကြောင်း အခြေအနေကို လည်းကောင်း အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါလမ်းအား ၁၈ ပေအကျယ် ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် စနစ်တကျ ကွင်းဆင်း စိစစ်တွက်ချက်တင်ပြရန် တာဝန်ရှိသူ များကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဝန်ထမ်း အိမ်ရာနှင့် ရုံးသို့ရောက်ရှိခဲ့ပြီး မုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အဦများတွင် အပျက်အစီးများ ရှင်းလင်းဖယ်ရှားပြီးစီးမှုနှင့် ပြုပြင်ပြီးစီးမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။ ထိုနောက် ဝန်ထမ်းများနှင့် မိသားစုဝင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြားခဲ့ပြီး စားသောက် ဖွယ်ရာနှင့်ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ရောက်ရှိပြီး သတ်မှတ်ကာလအတွင်း ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာသင် ဆောင်များအား ရှင်းလင်းဆောင်ရွက်နေမှု၊ ပျက်စီးမှုများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေး၍ ဝန်ထမ်းများကို စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)