ပူတာအို နိုဝင်ဘာ ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၃ ရက်က ပူတာအိုမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ပူတာအို)သို့ သွားရောက်၍ အိပ်ဆောင်များ၊ စားရိပ်သာ၊ စာကြည့်တိုက်၊ ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ၃ ထပ်အိပ်ဆောင် တည်ဆောက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်း ကိုက်ညီစေရေးနှင့် လုပ်ငန်းပိတ်သိမ်းချိန်တွင် လုပ်ငန်းခွင်အား စနစ်တကျ ရှင်းလင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် နောင်မွန်မြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိ၍ ဆေးရုံတက်လူနာများကို တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ ဆေးရုံဝန်းအတွင်း လှည့်လည်ကြည့်ရှု၍ ဆေးရုံအတွက် လိုအပ်ချက်များနှင့် မြို့နယ်အတွက် ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နောင်မွန်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်ကာ ရုံးဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နောင်မွန် - မဂွေဇ - ခေါင်လန်ဖူးလမ်း တစ်လျှောက် ဖောက်လုပ်ပြီးစီးခဲ့သည့် လမ်းများပြုပြင်ထိန်းသိမ်းလျက်ရှိသည့် အခြေအနေ၊ လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် ကျောက်လမ်း၊ တံတားများ၊ ကွန်ကရစ်ရေကျော်များ မိုးရာသီကာလ သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် လမ်းနှင့် တံတားများအား အမြန်ဆုံး ပြန်လည်ပြုပြင် တည်ဆောက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ချိန်အတွင်း ပြီးစီးရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည့် နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ခေါင်လန်ဖူးမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် တိုးချဲ့မြို့ကွက်သစ် မြေနေရာများ၊ မြို့ပတ်လမ်း ဖောက်လုပ်ထားရှိမှု၊ မြို့နယ်ခန်းမ ပြုပြင်ပြီးစီးမှု၊ မြို့မစျေးအတွင်း စျေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေသည့် အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မိ၊ မြို့ဖများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်