မြစ်ကြီးနား ဇန်နဝါရီ ၉
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ရှိ အမှတ်(၁) နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းကျောင်းအုပ်များက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ကချင်ပြည်နယ် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနရုံးနှင့် သင်တန်းကျောင်းတို့မှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများကိုတွေ့ဆုံ၍ နယ်စပ်ရေးရာဝန်ကြီးဌာန၏ မူဝါဒ(၄)ရပ်ဖြစ်သည့် နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင်နေထိုင်သော တိုင်းရင်းသားပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေး စသည့်မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ တည်ငြိမ်အေးချမ်းမှု ရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်၍ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေး တည်ဆောက် ရမည်ဖြစ်ကြောင်း၊ အခြေခံပညာများဆည်းပူးရာတွင် အတန်းတိုင်း၌ကြိုးစား၍ အဆင့်မြင့်ပညာများ အောင်မြင်ရန်နှင့် မိမိတို့၏ ဘဝရည်မှန်းချက်များ ပေါက်မြောက်ရန် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ဗလ ၅ တန် ဖွံ့ဖြိုးရေးအတွက် အစဉ်အားထုတ် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း မှာကြားခဲ့ပြီး စားသောက် ဖွယ်ရာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာကြည့်တိုက်နှင့် ရာသီသီးနှံ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၂) နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိ၍ ကျောင်းဝင်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေး၍ ရုံးဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)