နေပြည်တော် နိုဝင်ဘာ ၂၈

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ယနေ့ညနေပိုင်းတွင် တည်ခိုရေးစခန်းရှိ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် သရုပ်ဖော်ကပြမည့် ဝန်ကြီးဌာနလက်အောက်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာန ကိုယ်စားပြု အားကစားအသင်းများ လေ့ကျင့်နေမှုကို သွားရောက်အားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ ကျောင်းသား၊ ကျောင်းသူများအား သွားရောက်တွေ့ဆုံ အားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန ကိုယ်စားပြု ပိုက်ကျော်ခြင်း အသင်း၊ ဘောလုံးအသင်းနှင့်  ဖူဆယ်အသင်းတို့ လေ့ကျင့်နေမှုကို သွားရောက် ကြည့်ရှုအား ပေးပြီး အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ချီးမြှင့်ငွေနှင့် အင်အားဖြည့် အစားအစာများ ပေးအပ်ကာ အားကစား အသင်းများအနေဖြင့် ဝန်ကြီးဌာန ဂုဏ်ဆောင်နိုင်အောင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် လေ့ကျင့်ယှဉ်ပြိုင်သွားရန် ၊ နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားကြရန်၊ ကျန်းမာရေးနှင့် ကြံ့ခိုင်မှု ကောင်းမွန် အောင် နေထိုင်၊ စားသောက်ရေး ဂရုစိုက်ကြရန် မှာကြားသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘောလုံး (အမျိုးသား) ၊ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)၊ ပိုက်ကျော်ခြင်း(အမျိုးသား)၊ ဖူဆယ် (အမျိုးသား) ၊ ဂေါက်သီးရိုက်(အမျိုးသား) စသည့် အားကစားနည်း ၅ မျိုးကို အားကစား သမား ၁၀၅ ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်