နေပြည်တော်ဇန်နဝါရီ ၅

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Mr. Wang Xiaohong ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၀) ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌  အွန်လိုင်းစနစ်ဖြင့် လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံ (၇)ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုဝန်ကြီးအဆင့် အစည်းအဝေးတွင် သဘောတူညီထားသည့် ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် အွန်လိုင်း လိမ်လည်မှုများကို နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။  

(သတင်းစဉ်)