နေပြည်တော် ဇွန် ၁၄
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် စစ်ကိုင်းတိုင်း ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့်အတူ ဇွန် ၁၂ ရက်တွင် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ကသာ) သို့ရောက်ရှိ စစ်ဆေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းသူများအနေဖြင့် သင်တန်းကျောင်းမှ ရရှိသည့်ပညာ နှင့် အခွင့်အရေးများကို တန်ဖိုးရှိရှိအသုံးချပြီး မိမိတို့ဘဝ တိုးတက်ရေးအတွက် ကြိုးစားသွားကြရန်၊ သင်တန်းတက်ရောက်ခြင်းဖြင့် အစုအဖွဲ့ဖြင့် လုပ်ကိုင် ဆောင်ရွက်တတ်သည့် အဖွဲ့အစည်းစိတ်ဓါတ်၊ စနစ်တကျ စည်းကမ်းများကို လိုက်နာပြုမူတတ်သည့် အလေ့အကျင့်၊ အချိန်ကိုစနစ်တကျခွဲဝေ အသုံးချတတ်သည့် အလေ့အထများ၊ တိုးတက် ဖြစ်ထွန်းလာစေရေး၊ ဆရာ၊ ဆရာမများ၏ သင်ကြားပြောဆိုမှုများကို အလေးထားလိုက်နာ သင်ယူသွားကြရန်၊ ဆရာ၊ ဆရာမများကလည်း ဆရာကျင့်ဝတ်နှင့်အညီ စဉ်ဆက်မပြတ် ကြပ်မတ်ပို့ချပေးရန်မှာကြားပြီး ကျောင်း၏လိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ သင်ကြားလေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကသာ-သိမ်အင်းလမ်း (၂/၄)မိုင် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီးက သတ်မှတ် ကာလအတွင်း ပြီးစီးရေး၊ အရည်အသွေးစံချိန်စံညွှန်း ကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများနှင့် လမ်းပုခုံးများ စနစ်တကျဆောင်ရွက်စေရေး၊ ဒေသခံပြည်သူများကလည်း လမ်းရေရှည်တည်တံ့ခိုင်မြဲရန်အတွက် ဝိုင်းဝန်း ထိန်းသိမ်းပေးရေးတို့ကို မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကသာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသော ပေါမ-နန့်လှိုင်-မံစီကျေးရွာချင်းဆက်မြေသားလမ်း (၅)မိုင် ဖောက်လုပ်လျက်ရှိသည့် လုပ်ငန်းခွင်သို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇွန် ၁၃ ရက်တွင် ဗန်းမောက်မြို့နယ်၊ ညောင်ခြေထောက်-ဥမှင်-ပန်းတော -ပါသတ်-ဘူးတောင်း (၁၀)မိုင်ကျောက်ခင်းခြင်းလုပ်ငန်းခွင်သို့ရောက်ရှိပြီး ဌာနမှသတ်မှတ်ထားသော အရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေး၊ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရေး ဒေသ အာဏာပိုင် အဖွဲ့အစည်းများနှင့်သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့ အစည်းများ၏ စစ်ဆေးလမ်းညွှန်ချက်များကိုလည်း အလေးထားလိုက်နာဆောင်ရွက်သွားရေး၊ ဒေသခံပြည်သူလူထုမှလည်း ဝိုင်းဝန်း ထိန်းသိမ်း ပေးရေးတို့ကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဗန်းမောက်)တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီး နိုင်ငံတော်မှပေးအပ် ထားသော ရန်ပုံငွေရရှိမှုနှင့်အညီ သတ်မှတ်ပုံစံအတိုင်း တည်ဆောက်ရေး၊ ကျောင်းဝန်းအတွင်း အတက်အဆင်းလမ်းများအား စနစ်တကျဖောက်လုပ်ရေး၊ အဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် လိုအပ်သော ကျောက်စီမြေထိန်းနံရံများ ထည့်သွင်းဆောင်ရွက်ရေး၊ မြေယာရှုခင်းများအတွက် သက်ဆိုင်ရာ အင်ဂျင်နီယာအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး မှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗန်းမောက်မြို့နယ်မှကဒူး၊ ကနန်းဒေသသို့ ဆက်သွယ်သည့် ကနန်း- မူးသား-လယ်ပဒုံးလမ်းပေါ်နားပင်-ပါပျဉ်ခမ်းရွာကြားခတောင်ချောင်း (၁၀ဝ)ပေသံ ကူကွန်ကရစ် တံတား တည်ဆောက်မှုလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှု နှင့်ဒေသခံကဒူး၊ ကနန်းလူမျိုးများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး တံတားတည်ဆောက်ထားမှုအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗန်းမောက်-ပင်လည်ဘူးလမ်းပေါ်ရှိ သံကူ ကွန်ကရစ်တံတား(၅) စင်းတည်ဆောက်ခြင်းလုပ်ငန်းအပါအဝင် ၂၀၁၅ - ၂၀၁၆ မှစတင်ဆောင်ရွက်ခဲ့သော ကျောက်လမ်းခင်းခြင်း၊ ကွန်ကရစ်တံတားများ တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှုများအား မော်တော် ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်လည်ဘူး)၌ ၂၀၁၈-၂၀၁၉ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ အောင်ချက်ရာခိုင်နှုန်း ၈၅ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့သည့်အတွက် ဝန်ထမ်းများနှင့်ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ၍ ဆုများ ထောက်ပံ့ငွေများ ပေးအပ် ချီးမြှင့်သည်။
ယင်းနောက် ကျောင်းအုပ်ကြီး၊ ဆရာ၊ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ သင်တန်းတွင်း အိပ်ဆောင်များ၊ စားရိပ်သာများနှင့် စာကြည့်တိုက်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
