နေပြည်တော် ၁၂ ဒီဇင်ဘာ 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ယမန်နေ့နံနက်ပိုင်းတွင် ကယားပြည်နယ် ရှားတောမြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ရှားတော - တင်လွယ် - နားအွမ်မြေလမ်း (၁၈/၆)မိုင်ပေါ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ကျောက်လမ်း (၁/၀)မိုင်နှင့် Polymer Chemroad (၂/၀)မိုင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက နည်းပညာအသစ်ဖြင့် စမ်းသပ်ဆောင်ရွက်သည့် လမ်းဖြစ်သည့်အတွက် ခွင့်ပြုရန်ပုံငွေေအပေါ် အရည်အသွေးပြည့်မီရေး၊ ရေရှည်တည်တံ့ရေးအတွက် စေတနာထားဆောင်ရွက်ကြရန်၊ တာဝန်ရှိသူများက လမ်းကြံ့ခိုင်ခံ့မှုကို စဉ်ဆက်မပြတ် အနီးကပ်ကြပ်မတ်သွားရန်နှင့် ဒေသခံပြည်သူများက ဆောင်ရွက်ပြီးစီးခဲ့သော လမ်းအပိုင်းအလိုက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားပြီး လမ်းဖောက်လုပ်ပြီးစီးမှု၊ ခံနိုင်ဝန်အားနှင့် အရည်အသွေးပိုင်းများကို ခေတ်မီကိရိယာများဖြင့် စမ်းသပ်တိုင်းတာ၍ ပြီးစီးခဲ့သောလမ်းအပိုင်း (၂/၀)မိုင် ခင်းကျင်းပုံ လုပ်ငန်းအဆင့်ဆင့်အား မီတာ ၁၀၀ ပြန်လည်သရုပ်ပြခင်းကျင်းခြင်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။

Polymer Chemroad နည်းပညာသည် မြေအမျိုးအစားအပေါ်မူတည်၍ ပိုလီမာ၊ မြေသားနှင့် ဘိလပ်မြေ အချိုးအစားတွက်ချက်ရောစပ်ရပြီး ထုအနေဖြင့် (၁၅)စင်တီမီတာမှ (၂၀)စင်တီမီတာအထိ ခင်းကျင်းနိုင်သဖြင့် လမ်းခင်းပြီး (၃)နာရီအကြာတွင် (၃)တန်အောက် ဝန်ပေါ့ယာဉ်များ၊  (၇)ရက်အကြာတွင် တန်(၄၀)အထိ ယာဉ်များသွားလာနိုင်သဖြင့် အချိန်တိုအတွင်း ပြီးစီးခြင်း၊ ယာဉ်/ယန္တရားများနှင့် လမ်းလုပ်သား အသုံးပြုမှုနည်းပါးခြင်း၊ အမာခံကျောက်များအသုံးပြုရန် မလိုအပ်ခြင်း စသည့် အားသာချက်များရရှိမှုနှင့် လမ်းအဆင့်မြှင့်တင်ရန် ကတ္တရာထပ်ပိုးလွှာများကို အလွယ်တကူ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကယားပြည်နယ်အတွင်း ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာ ရေးနှစ်မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အဦများဖြစ်သော လမ်း/တံတား၊ ရေရရှိရေး၊ ပညာရေး၊ အိမ်ရာဆောက်လုပ်ရေးနှင့် စွမ်းအင်လုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၇ ဒသမ ၄၀၆ ဘီလီယံ အကုန်ကျခံ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်