နေပြည်တော် ၁၈ ဇူလိုင်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ဇူလိုင် ၁၇ ရက်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဖားဆောင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး မြို့နယ်ရုံး တည်ဆောက်ပြီးစီးမှု အခြေအနေများ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဖားဆောင်းမြို့နယ်၊ ခဲမဖြူ ဘော်ဒါဆောင်သို့ ရောက်ရှိပြီး ဘော်ဒါဆောင်နေ နယ်စပ်ဒေသမှ ကျောင်းသားကျောင်းသူများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိသည့် ဆန်နှင့် ရိက္ခာဖိုးထောက်ပံ့ငွေ၊ ကျောင်းဝတ်စုံများနှင့်ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများအား ယခုကဲ့သို့ ပညာသင်ကြားနိုင်ရန် ရရှိသည့်အခွင့်အရေးကို မိမိတို့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်ကြရန်နှင့် ကျောင်းအုပ်ချုပ်သူ ဆရာဆရာမများ အနေဖြင့် စည်းစနစ်တကျ စီမံခန့်ခွဲဆောင်ရွက်သွားရန် အားပေးစကားပြောကြားသည်။ ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင် ပါရှိသည့် ဖားဆောင်းမြို့နယ်၊ ယူဟဲဒေါမိုရွာအတွက် ဆိုလာမီးများကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မယ်စဲ့မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး မြို့နယ်ရုံးတည်ဆောက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မယ်စဲ့မြို့နယ်၊ ဟိုစဲ့မြို့သစ် ကျေးရွာအုပ်စုတွင် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေသည့် တန်ဖိုးနည်းအိမ်ရာ အလုံး(၂၀) ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် ဟိုဂျစ်ကျေးရွာ၊ ဟိုဖကျေးရွာနှင့် လယ်တောကျေးရွာမှ မူလတန်းကျောင်းများအတွက် ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးဗလာစာအုပ်များကို ကျေးရွာအလိုက် ကျောင်းသားကျောင်းသူများကို ပေးအပ်ထောက်ပံ့သည်။
ထို့နောက် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မယ်စဲ့မြို့နယ်၊ ဟိုဂျစ်-ဟိုဖ-လယ်တော (၅/ဝ)မိုင် မြေလမ်းဖောက်လုပ်ခြင်းနှင့် ယင်းလမ်းပေါ်ရှိ ပေ(၄၀)တံတား (၁)စင်း၊ ပေ(၃၀) တံတား (၃)စင်း၊ ပေ(၂၀)တံတား(၂)စင်းနှင့် Box Culvert များ တည်ဆောက်ခြင်း ၊ ဟိုဂျစ်-တောင်လှ မြေလမ်း (၅/ဝ) မိုင် မြေလမ်းဖောက်လုပ်ခြင်းနှင့် ယင်း လမ်းပေါ်ရှိ (၃၀)ပေတံတား (၂) စင်းနှင့် Box Culvert (၉) စင်း တည်ဆောက်ခြင်း၊ဇူလိုင် ၁၈ ရက်တွင် လွိုင်ကော်မြို့နယ် ဆူးဖဲလောရွာ အဝင်လမ်း ကျောက်ခင်းခြင်းလုပ်ငန်းခွင်များသို့ ရောက်ရှိခဲ့ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ အရည်အသွေး စံချိန်စံညွှန်း ကောင်းမွန်စေရေးနှင့် စနစ်တကျဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား မော်တော်ယာဉ်ဖြင့် လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လွိုင်ကော်မြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့မှ ကျောင်းအုပ်များ၊ နည်းပြများ၊ ဝန်ထမ်းများ၊ကျောင်းသား ကျောင်းသူများ၊ သင်တန်းသူများနှင့် တွေ့ဆုံပြီးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ရာပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ကယားပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆင့်ကဲတာဝန်ယူတာဝန်ခံမှုဖြင့် ကြပ်မတ်ဆောင်ရွက်ရေး၊ ဝန်ထမ်းများ၏ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေးကိစ္စရပ်များကို အလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးရန် တို့ကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ပင်လောင်း)သို့ ရောက်ရှိပြီး ကျောင်းအုပ်၊ နည်းပြများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပြီး လိုအပ်သည်များကိုမှာကြားပြီး ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာ၊ စားဖိုဆောင်နှင့် စာကြည့်တိုက်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


