နေပြည်တော် ၁၆ မတ်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် မတ် ၁၄ ရက်တွင် ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း၌ ဝန်ကြီးဌာနမှ တာဝန်ယူဆောင် ရွက်နေသော မဂွေဇ - ခေါင်လန်ဖူး ကားလမ်း (၆၅/၄) မိုင် ဖောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်နှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်များအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော မြေလမ်းနှင့် ကျောက်ခင်းလမ်းများ အခြေအနေကို မော်တော်ယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မေခမြစ်ကမ်း၌ မြစ်ဖြတ်ကူးရန် ကြိုတင်ပြင်ဆင်စုဖွဲ့ထားရှိသည့် ယန္တရား ကူးဖောင်နှင့်အတူ တစ်ဘက်ကမ်းတွင် လုပ်ငန်းခွင်ဝင်ရောက်ကြမည့် မြေတူးစက် ၄ စီး၊ မြေထိုးစက် ၃ စီး၊ မြေသယ်ယာဉ် ၃ စီး၊ စက်သုံးဆီ၊ Crawler Drill (ကျောက်ဖေါက်စက်) ၁ စီး၊ ယမ်းနှင့် ဆက်စပ်ပစ္စည်းများ သယ်ဆောင်ဖြတ်ကူးခြင်းလုပ်ငန်းများနှင့် မေခမြစ်ကမ်းမှ ခေါင် လန်ဖူးအထိ လမ်းဖေါက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လမ်းဖောက်လုပ်ရေး လုပ်ငန်းဆောင်ရွက်နေ သော တပ်မတော်အင်ဂျင်နီယာတပ်ရင်းမှ စစ်သည်များ၊ ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ယန္တရားများဖြတ်ကူးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြသော လုပ်သားများနှင့် တွေ့ဆုံ၍ ယခုကဲ့သို့ ဆိုးရွားပြင်းထန်သည့် ရာသီဥတုအကြားမှ ဝေးလံခေါင်းပါးသည့် ဒေသခံ ပြည်သူလူထုအတွက် မလျော့သော ဇွဲလုံ့လနှင့် ကြိုးစားဆောင်ရွက်နေကြသူများကို အသိအမှတ်ပြု ဂုဏ်ယူမှတ်တမ်းတင်ပါကြောင်း၊ ခေါင်လန်ဖူးဒေသသည် ဒေသဖွံ့ဖြိုးရေး အဘက်ဘက်မှ နိမ့်ကျလျက်ရှိရာ ယခုကဲ့သို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက် ပေးခြင်းဖြင့် ဒေသ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးကဏ္ဍများ မြင့်မား လာမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ နယ်စပ်ဒေသများ အပါအဝင် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးရေးကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ရာသီဥတုဆိုးရွားမှု ဒဏ်ခံနိုင်ရန် ကျန်းမာရေးအလေးထားကြရန် မှာကြား၍ ထောက်ပံ့ ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မေခမြစ်ကူး ကြိုးတံတား(ရီဒမ်း)၌ ကြိုးတံတား အဟောင်း၏ ကြံ့ခိုင်မှုကိုကြည့်ရှုစစ်ဆေး၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်မည့် မေခမြစ်ကူးတံတား(ရီဒမ်း) တည်ဆောက်မှု မပြီးမီကာလအတွင်း ယခု ကြိုးတံတားကို ယာဉ်ငယ်များ ယာယီဖြတ်သန်း အသုံးပြုနိုင်ရေးအတွက် တံတားကြံ့ခိုင်မှုကို စနစ်တကျစစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့များ ဖြင့် စီစစ်တင်ပြရန် မှာကြားပြီး ဒေသခံကျေးရွာသားများနှင့် တွေ့ဆုံသည်။
မတ် ၁၅ ရက် နံနက်ပိုင်းတွင် ဇီဝဒမ်းလမ်းလုပ်ငန်းစီမံကိန်း ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက လမ်းလုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရန် ကျန်ရှိနေသော လမ်းလုပ်ငန်းများကို မူလလျာထား စီမံချက်ထက် ဆောလျင်စွာပြီးစီးပါက ဒေသခံ တိုင်းရင်းသားများအနေဖြင့် ဒေသဖွံ့ဖြိုးရေး အသီးအပွင့်များ စောစီးစွာ ရရှိခံစား နိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် ထိုက်တန် သည့် လုပ်ငန်း အရည်အသွေးများ ရရှိရေးနှင့် လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်သွားကြရန် မှာကြားပြီး ဇီဝဒမ်းစခန်းအနီးတွင် ကျောက်လမ်းခင်းခြင်း၊ တံတားနှင့် Box Culvert တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့သည်။
မဂွေဇ - ခေါင်လန်ဖူးလမ်းသည် ယခုအခါ ပူတာအို - မဂွေဇ - ရီဒမ်း (မေခမြစ်ကူး ကြိုးတံတား)အထိ မော်တော်ယာဉ်ဖြင့် လည်းကောင်း၊ ရီဒမ်းမှ ခေါင်လန်ဖူးအထိ ဆိုင်ကယ် ဖြင့် လည်းကောင်း နေ့ချင်းပေါက်သွားနိုင်ပြီဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


