နေပြည်တော် ၂၆ နိုဝင်ဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် မွန်ပြည်နယ် အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးနှင့်အတူ နိုဝင်ဘာ (၂၅) ရက် မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်ထိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် အင်္ဂဘို-ကဒိုင်ဒွတ်-မိုးဘောလမ်း (၂၂/၀)မိုင်အနက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင် ဆောင်ရွက်ခဲ့သော ကျောက်ခင်းလမ်း (၅/၄)မိုင်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် ကျောက်ခင်းလမ်း (၃/၅)မိုင် ဖောက်လုပ်နေမှုလုပ်ငန်းခွင်နှင့် ဘီးလင်းမြို့နယ်၊ မရမ်းကုန်း-ရွှေကြည်လမ်း (၄/၆)မိုင်အနက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သော ကျောက်လမ်း (၃/၀) မိုင်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်သွားမည့် ကျောက်လမ်း (၁/၆)မိုင်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်များသို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများက လမ်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခုဆောင်ရွက်နေသော လုပ်ငန်းများသည် ဒေသအတွင်းရှိကျေးရွာ(၁၆)ရွာမှ အိမ်ထောင်စု (၂၀၇၅)စုတို့အတွက် အကျိုးပြုမည့် လုပ်ငန်းဖြစ်သဖြင့် တာဝန်ခံကုမ္ပဏီများအနေဖြင့် နိုင်ငံတော်ခွင့်ပြု ရန်ပုံငွေနှင့် ထိုက်တန်စွာ စံချိန်စံညွှန်းပြည့်မီစေရေး ရေရှည်တည်တံ့စေရေး စေတနာထား ဆောင်ရွက်သွားကြရန်နှင့် ကြပ်မတ်စစ်ဆေးသူများကလည်း စနစ်တကျ စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေးသွားရန် မှာကြားသည်။
ယင်းနောက် လမ်းလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် လုပ်ငန်းသုံးကျောက်၊ ဗြုန်း၊ သံချောင်းများနှင့် လမ်းလုပ်ငန်းဆောင်ရွက်ရာတွင် တာဝန်ရှိသူများ စစ်ဆေးကြပ်မတ်မှု မှတ်တမ်းဓါတ်ပုံများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများနှင့် ဒေသခံပြည်သူလူထုတို့မှလည်း တည်ဆောက်ပြီးခဲ့သော လမ်းအပိုင်းလိုက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လမ်းကြောင်းအခြေအနေများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး မွန်ပြည်နယ်ဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူးက နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ကျိုက်မရောမြို့နယ်၊ ကြီးအုပ်-ညောင်ကုန်းလမ်း (၇/၄) မိုင် ကျောက်ခင်းခြင်းလုပ်ငန်းခွင်သို့ ဆက်လက်ထွက်ခွာခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ကျောက်လမ်း (၃/၀) မိုင်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ်တွင် အပြီးသတ်ဆောင်ရွက်မည့် ကျောက်လမ်း (၄/၄)မိုင် လုပ်ငန်းပြင်ဆင်မှု အခြေအနေများကို ကြည့်ရူစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းပေးခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မွန်ပြည်နယ်အတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အဦများဖြစ်သော လမ်းတံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းနှင့် စွမ်းအင်လုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၁၅ ဒသမ ၀၅၂) ဘီလီယံဖြင့် အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


