mdn

နေပြည်တော် ၂၂   နိုဝင်ဘာ

 

 “နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း စွမ်းရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲ” အခမ်း အနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နယ်စပ်‌ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊  အရာထမ်း/အမှုထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းအား ဒေသဖွံ့ဖြိုးရေးစီမံကိန်းများနှင့် စပ်လျဉ်းပြီး စစ်တမ်းကောက်ယူခြင်းမှအစ စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်သည့် အဆင့်အထိ လုပ်ငန်းအဆင့်ဆင့်ကို ကျွမ်းကျင် ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ရှုထောင့်မှ ချဉ်းကပ်ဆောင်ရွက်သွားရန်၊ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများအပြင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အစားထိုး ဖွံ့ဖြိုးရေး နည်းပညာများကိုလည်း နားလည်တတ်ကျွမ်းပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်‌ရေး နည်းပညာများဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အခန်း ကဏ္ဍ ပိုမိုကျယ်ပြန့်လာစေရန်၊ အခြားဌာ/အဖွဲ့အစည်း များနှင့် ဆက်သွယ် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် စသည့် ရည်ရွယ်ချက် များဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း

 

နိုင်ငံ‌တော်မှ အကောင်အထည်ဖော် ‌ဆောင်ရွက်နေသည့် ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ် သည် နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အမှီသဟဲဖြစ်နေပါကြောင်း၊ ဒေသ ဖွံ့ဖြိုးရေး အားကောင်းမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ဖြစ်ထွန်းမှုအားကောင်း လာမည် ဖြစ်ပါကြောင်း၊ ထာဝရငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်‌ရေး စီမံကိန်း လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံ ထမ်းရွက်သွားကြစေလိုပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျရာကဏ္ဍမှ မိမိတို့ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို စေတနာ ထားပြီး တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုနှင့်အတူ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကျွမ်းကျင်မှု၊ လေ့လာ ဆည်းပူးမှုနှင့်အတူ ပေးအပ်သည့်တာဝန်အပေါ် အကောင်းဆုံး ဖြစ်အောင် ထမ်းဆောင် ကြစေလို ကြောင်း မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသား တစ်ဦးချင်းစီအလိုက် သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ပေးပြီး သင်တန်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော သင်တန်း မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ စံချိန်စံညွှန်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက် နိုင်ရေးအတွက် ဝန်ကြီးဌာန၏ အင်ဂျင်နီယာဌာနတွင် မြေကြီး၏ခံနိုင်ဝန်အားနှင့် ဂုဏ်သတ္တိ များအား သိရှိနိုင်ရန်နှင့်ကွန်ကရစ်စမ်းသပ်ခြင်းလုပ်ငန်းများကို ခေတ်မီစက်ကိရိယာ များဖြင့် လက်တွေ့စမ်းသပ် ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ် မြောက်လွှတ်ကုန်း ယာဉ်/ယန္တရားဂိုဒေါင်သို့ရောက်ရှိရာ တာဝန်ခံအရာရှိမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ် ခဲ့သည့် ပျက်စီးမှုများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းခွင်များတွင် သုံးစွဲဆောင်ရွက်ခဲ့သည့် ယာဉ်/ ယန္တရားများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းခွင်များသို့ ထပ်မံစေလွှတ်သွားမည့် ယာဉ်/ယန္တရား များ၏ စနစ်တကျစုဖွဲ့ထားရှိမှု၊ ကြံ့ခိုင်မှုအတွက် စမ်းသပ်မောင်းနှင်မှုများနှင့် ဘဏ္ဍာနှစ်အလိုက် တင်ဒါခေါ်ယူ၍ ဝယ်ယူထားရှိသည့် ထောက်ပံ့ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် ရုံးအသုံး အဆောင်ပစ္စည်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)