နေပြည်တော် ၁ နိုဝင်ဘာ
ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၇) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အလုပ်ခန့်အပ်လွှာပေးအပ်မည့် ဝန်ကြီးဌာန (၁၂) ခုမှ ကိုယ်စားလှယ်များ၊ ကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ဆရာ၊ဆရာမများ၊ သင်တန်းဆင်း ကျောင်းသားများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် “နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး” ဟူ၍ မူဝါဒ (၄) ရပ်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်နှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရအနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များအား အခြေခံ၊ အဆင့်မြင့် ပညာရပ်များ လေ့ကျင့်သင်ကြားပေးပြီး နယ်စပ်ဒေသများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် တိုင်းရင်သားများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်နှင့် စစ်ကိုင်းတို့ကို ထူထောင်ဖွင့်လှစ်ပေးလျက်ရှိကြောင်း။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ကို ၂၀၀၀ ပြည့်နှစ်၊ ဇွန်လ (၁၅) ရက်နေ့ စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အချိန်အထိ ဝိဇ္ဇာဘွဲ့ရ (၄၉၇) ဦး၊ သိပ္ပံဘွဲ့ရ (၁၂၁၁) ဦးနဲ့ A.G.T.I ဘွဲ့ရ (၆၅၅) ဦး၊ B.Tech ဘွဲ့ရ(၁၃၅)ဦး စုစုပေါင်း တိုင်းရင်းသားလူငယ် (၂၄၉၈) ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ အရည်အချင်း ပြည့်မီ၍ ဆက်လက်သင်ယူလေ့လာခဲ့ကြရာ Ph.D ဘွဲ့ရသူ (၁၄) ဦး၊ မဟာသုတေသနဘွဲ့ရ (၅၅) ဦး၊ မဟာဝိဇ္ဇာဘွဲ့ရသူ (၆၅) ဦး၊ မဟာသိပ္ပံဘွဲ့ရ (၁၂၂) ဦး၊ M.E ဘွဲ့ရသူ (၁၅) ဦး၊ B.E ဘွဲ့ရသူ (၃၀၁) ဦး၊ B.Techဘွဲ့ရသူ (၃၂၆) ဦးရှိပြီဖြစ်ကြောင်း။
သင်တန်းဆင်း ကျောင်းသားများအနေဖြင့် တာဝန်ကျရာဒေသများတွင် မိမိတို့၏ ဌာနတာဝန်များအပြင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်၊ မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး ကင်းစင်အောင်ဝိုင်းဝန်း ဆောင်ရွက်ကြရန်၊ မိမိတို့တာဝန်ကျရာဒေသများတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေး၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရပါက စနစ်တကျ တုံ့ပြန်ဆောင်ရွက်ရေး၊ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များမှာလည်း ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ဝိဇ္ဇာဘာသာရပ် ထူးချွန်ဆုရကျောင်းသား၊ သိပ္ပံဘာသာရပ် ထူးချွန်ဆုရ ကျောင်းသားများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက AGTI ဒီပလိုမာထူးချွန်ဆုရ ကျောင်းသားကို လည်းကောင်း ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ဝန်ကြီးဌာန(၁၂)ခုတို့မှ ကိုယ်စားလှယ်များက ဝန်ကြီးဌာနအသီးသီးသို့ အလုပ်တာဝန် ခန့်အပ်ခြင်းခံရသော သင်တန်းဆင်းကျောင်းသား (၁၉၅)ဦးတို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်းကျောင်းသားများနှင့် ၎င်းတို့၏ မိဘများကို ခင်မင်ရင်းနှီးစွာနှုတ်ဆက်ပြီး ဘွဲ့နှင်းသဘင်ဧည့်ခန်း၌ ထူးချွန်ဆုရ ကျောင်းသားများအား အားပေးစကားပြောကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က သင်တန်းဆင်းကျောင်းသားများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
ယနေ့ကျင်းပသော ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၇) သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဝိဇ္ဇာဘွဲ့(၄၈)ဦး၊ သိပ္ပံဘွဲ့(၈၄)ဦးနှင့် AGTI ဒီပလိုမာ (၆၃)ဦး၊ တိုင်းရင်းသားလူငယ် စုစုပေါင်း (၁၉၅)ဦး တက်ရောက်အောင်မြင်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းဝင်းအတွင်း၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် (၄)ထပ်စာသင်ဆောင်နှင့် စုပေါင်းစာသင်ခန်းမ အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး တည်ဆောက်ပြီးစီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


