နေပြည်တော်  ၁၁  ဇွန် 

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီခွဲတွင် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းခွင်များအား Online စနစ်ဖြင့် ကြည့်ရှု စစ်ဆေးသည်။  


ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ထင်ကျော် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဗန်းမောက်မြို့နယ်၊ ဝန်းသို-ဗန်းမောက်လမ်းပေါ်ရှိ ပါယ-ကန်တော်ကြား သဲချောင်း (၁၀၀x၁၄) ပေ သံကူကွန်ကရစ်တံတား (၉၀) ရာခိုင်နှုန်းပြီးစီးမှု၊ ပင်လည်ဘူးမြို့နယ်၊ မြို့မရပ်ကွက်၊ တိုးချဲ့ လယ်ပြင် ရပ်ကွက်အတွင်း ကွန်ကရစ်လမ်း (၁/၄)မိုင် (၁၀၀ ရာခိုင်နှုန်း) ဆောင်ရွက်ပြီးစီးမှုများကို လည်းကောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးဦး မှ သံတွဲမြို့နယ်၊ စန္ဒြားတောင်စေတီ ဘုရားတက်ကားလမ်းနှင့် ဘုရားရင်ပြင်လမ်း ဆက်သွယ်သည့် ကွန်ကရစ်လမ်း ပေ (၁၉၅၀) ၊ အဆိုပါ လမ်းပေါ်ရှိ (၁၂)ပေသံကူကွန်ကရစ်တံတား (၁)စင်း၊ Box Culvert (၂)စင်း လုပ်ငန်းများ (၉၀ ရာခိုင်နှုန်း) ပြီးစီးမှု၊ သံတွဲမြို့နယ်၊ ကျောက်တန်း-တောင်ပေါက် ကျေးရွာချင်းဆက် လမ်းပေါ်ရှိ (၃၅)ပေ သံကူကွန်ကရစ်တံတား (၉၀ ရာခိုင်နှုန်း) ပြီးစီးမှုများကိုလည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးရန်လင်းအောင် မှ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စု၊ အိန္ဒရာဇာ-ဆင်ကူး-လယ်ကြီး-မင်းသား-စိန်ဘုံ ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ မင်းသားချောင်းကူးနှင့် လယ်ကြီးရွာအဝင် ပေ (၆၀) ကွန်ကရစ်တံတား (၂)စင်း (၉၀ ရာခိုင်နှုန်း)  ပြီးစီးမှု၊ ရေဖြူမြို့နယ်၊ ဖားချောင်းကျေးရွာအုပ်စု၊ ဖားချောင်း-တောင်ရင်းအင်း-ဆယ်အိမ်စု (ကလိန်အောင်-ကံပေါက်လမ်းဆုံ) ဆက်သွယ်သည့် မြေလမ်း(၉/၀)မိုင်အား ကျောက်ချော လမ်းခင်းခြင်းလုပ်ငန်း  (၉၀ ရာခိုင်နှုန်း) ပြီးစီးမှုများအား လုပ်ငန်းတည်ဆောက် ပြီးစီးခဲ့မှုမှတ်တမ်းများ၊ တည်ဆောက်ဆဲ လုပ်ငန်းခွင်အခြေအနေများကို Online စနစ်ဖြင့် ရှင်းလင်းတင်ပြကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် နယ်စပ်ဒေသလူငယ်လူရွယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အဓိကလုပ်ငန်း တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ခွင့်ပြုပေးသည့် ရန်ပုံငွေဖြင့် သာမက နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများ၏ ထောက်ပံ့ကူညီမှုများဖြင့်လည်း မိမိတို့လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊  လတ်တလော ရင်ဆိုင်ကြုံတွေ့လျက်ရှိသည့် ကိုဗစ်-၁၉  ကာလအတွင်း မိမိတို့၏ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို Online စနစ်ဖြင့် စစ်ဆေးကြည့်ရှု ကြီးကြပ်ကွပ်ကဲလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆောလျင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း နှင့်အညီ အချိန်မီပြီးစီး နေသည်ကိုလည်း တွေ့မြင်ရပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ် ရေးမှူးများ၊ ခရိုင်မှူးများ၊ မြို့နယ်မှူးများအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျလိုက်နာပြီး မိမိတို့ဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျ စစ်ဆေးကြပ်မတ် အရှိန်အဟုန်မပျက် ဆောင်ရွက်သွားရန်၊ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး များအနေဖြင့် လုပ်ငန်းအတွေ့အကြုံ နှင့် လုပ်ငန်းဆိုင်ရာ နားလည်ကျွမ်းကျင်မှုရှိပြီးသူများ ဖြစ်သဖြင့် တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံခြင်းဖြင့် ခံယူချက်၊ ယုံကြည်ချက် မှန်မှန်ကန်ကန်ဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များအပေါ် အကောင်းဆုံးဖြစ်အောင် လုပ်ကိုင်လိုသည့် စိတ်ဆန္ဒဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ရန် မှာကြားလိုကြောင်း၊ ဆင့်ကဲဆင့်ကဲ တာဝန်ပေးအပ်ခြင်း၊ တာဝန်ယူခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြောင်းလဲတိုးတက်နေသည့် နည်းပညာများကို အမြဲလေ့လာ သင်ယူဆည်းပူး အသုံးချသွားကြရန်၊ မိမိတို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် “ကြီးကြပ်ကွပ်ကဲမှု ကောင်းလေလေ လုပ်ငန်းအရည်အသွေး မြင့်မားလေလေ” ဆိုသည့် အသိဖြင့် စဉ်ဆက်မပြတ် ကြပ်မတ်ပေးရန် လိုအပ်ပါကြောင်း ရှင်းလင်းမှာကြားသည်။


နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရတို့၏ ညှိနှိုင်းတင်ပြချက်၊ ဒေသခံပြည်သူလူထုတို့၏ ပကတိ လိုအပ်ချက်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်များအပေါ် အခြေခံပြီး နယ်စပ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို နှစ်စဉ် လျာထားဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြေလမ်း (၂၂) မိုင်၊ ကျောက်လမ်း (၂၈/၆) မိုင်၊ ကွန်ကရစ်လမ်း (၁/၄) မိုင်၊ တံတားကြီး၊ ငယ်၊ လတ် (၁၅) စင်း၊ Box Culvert (၄၈) စင်း၊ ရေသွယ်တန်းခြင်း ပေ (၁၀၀၀) အစရှိသည့် လုပ်ငန်းများကို စုစုပေါင်း ရန်ပုံငွေကျပ် (၄၁၈၄ ဒသမ ၇၉၀) သန်းဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်း  မြေလမ်း (၇) မိုင်၊ ကျောက်လမ်း (၈/၅) မိုင်၊ တံတားကြီး၊ငယ်၊ လတ် (၁၉) စင်း၊ Box Culvert (၅၅) စင်း၊ ရေပြွန် (၁၄)စင်း၊ အိမ်ရာဆောက်လုပ်ခြင်း (၂၄၂)လုံး အစရှိသည့် လုပ်ငန်းများကို စုစုပေါင်း ခွင့်ပြုရန်ပုံငွေ ကျပ် (၄၂၉၀ ဒသမ ၅၂၃) သန်းဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း မြေလမ်း (၂၂/၅)မိုင်၊ ကျောက်လမ်း (၁၃/၆)မိုင်၊ ကွန်ကရစ်လမ်း (၂/၇)မိုင်၊ တံတားကြီး၊ ငယ်၊ လတ် (၂၃)စင်း၊ Box Culvert (၇၃)စင်း၊ မြေထိန်းနံရံ ပေ (၂၀၀) အစရှိသည့် လုပ်ငန်းများကို စုစုပေါင်းရန်ပုံငွေ ကျပ် (၄၆၈၃ ဒသမ ၆၁၆) သန်းဖြင့် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

 

သတင်းစဉ်