နေပြည်တော် ၂၃ ဖေဖော်ဝါရီ
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် (၄)ထပ်စာသင်ဆောင်၊ မော်တော်ယာဉ်ဂိုဒေါင်၊ ဒုတိယကျောင်းအုပ်ကြီးနေအိမ် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် (၄)ထပ်စာသင်ဆောင်၊ (၃)ထပ်ဆရာမများဆောင်၊ စုပေါင်းစာသင်ခန်းမ တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦးများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ ကျောင်းမှ အရည်အသွေး စစ်ဆေးရေးအဖွဲ့များက စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရေးကို မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) (၃)ထပ်ပင်မစာသင်ဆောင်၌ ကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံကာ ကျောင်းအုပ်ကြီး၏ ကျောင်းပိုင်းဆိုင်ရာ ရှင်းလင်းချက်များနှင့် ဆရာ/ဆရာမများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိတိုင်းရင်းသား ဖွံ့ဖြိုးရေးတက္ကသိုလ် (၁)ခုနှင့်ဒီဂရီ ကောလိပ် (၂)ခု၊ လူငယ်သင်တန်းကျောင်း (၄၅) ကျောင်း၊ အိမ်တွင်းမှု သင်တန်းကျောင်း (၄၅)ကျောင်း၊ စက်မှုလက်မှုသင်တန်းကျောင်း (၉)ကျောင်းတို့တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များအတွက် ဝန်ကြီးဌာန၏ မူဝါဒ(၄)ရပ်၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ရည်မှန်းချက်(၄)ရပ်၊ ဒီဂရီကောလိပ်များ၏ ရည်ရွယ်ချက်(၆)ချက်နှင့်အညီ ဆရာ/ ဆရာမများက ဆရာကောင်းတို့၏ကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦး၏ အရည်အသွေးများနှင့်အညီတပည့် သားသမီးများအပေါ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ တက္ကသိုလ်စာပေ ပညာရပ်များသာမက စိတ်ဓါတ်ကောင်းမွန်မှု၊ စည်းကမ်းလိုက်နာမှု၊ အချိန်ကို စနစ်တကျစီမံခန့်ခွဲတတ်မှု၊ ကျန်းမာသန်စွမ်းသောလူငယ်များ ဖြစ်လာစေရေး၊ စာပေဖတ်ရှုလေ့လာသော ဝါသနာရင့်သန်စေရေး၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးနှင့် ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်ထက်မြက်စေရေးတို့ကို ပူးတွဲသင်ကြားပေးသွားကြရန်၊ နိုင်ငံ့အကျိုးသယ်ပိုးနိုင်သည့် သားကောင်းရတနာများဖြစ်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးပြုစုပျိုးထောင် လေ့ကျင့်ပေးသွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


