နေပြည်တော် ဇူလိုင် ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ ဗဟိုလေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာအချက်အလက်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် Japan Myanmar Association (JMA) တို့ ပူးပေါင်းဖွင့်လှစ်မည့် သင်တန်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားကာ သင်တန်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိသည့် စာသင်ခန်းများ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် စိုက်ပျိုး/ မွေးမြူရေး ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ပရဟိတ (ကျားကျောင်း) နေရာဟောင်းရှိ ဗဟိုလေ့ကျင့်ရေးကျောင်းခွဲသို့ ရောက်ရှိ၍ သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိရမည့် ကိစ္စရပ်များအား မှာကြားပြီး ကျောင်းဝန်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ‌ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန် (၃) အတွင်း ငါးမွေးမြူရေးကန်များ ဆောင်ရွက်ထားရှိသည့် အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဥစားကြက်မွေးမြူရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်