နေပြည်တော် ဧပြီ ၂၄

 

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယနေ ့ညနေပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားနည်းများအနက်မှ လက်ဝှေ့၊ အလေးမနှင့် မြားပစ် အားကစား အဖွဲ့များ၏ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် လေ့ကျင့်လျက်ရှိသည့် လက်ဝှေ့ အားကစားသမားများနှင့် အလေးမ အားကစားသမားများ၏ လေ့ကျင့်နေမှုအခြေအနေများကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိမြားပစ်လေ့ ကျင့်ရေးကွင်း၌ မြားပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုအခြေအနေများကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး အုပ်ချုပ်၊ နည်းပြများ၊အားကစားသမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နည်းစနစ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် အားကစား၏အခြေခံဖြစ်သော ကိုယ်ခန္ဓာအချိုးအစားကြံ့ခိုင်စေရေး၊ နည်းစနစ်များ ကျွမ်းကျင်စေရေး၊ လျင်မြန်ဖျတ်လက်မှုရှိစေရေး၊ ခွန်အားပြည့်ဝသန်မာစေရေး၊ သက်လုံကောင်းမွန်စေရေး၊ စိတ်ဓာတ်အားဖြင့် ကြံ့ခိုင်ပြီး အောင်နိုင်စိတ်မွေးမြူနိုင်စေရေးတို့အတွက် နည်းပြများအနေဖြင့် စနစ်တကျ ကြပ်မတ်လေ့ကျင့် ပေးရေး၊ လေ့ကျင့်လျက်ရှိသည့် အားကစားကွင်း၊ အားကစားရုံများ ကောင်းမွန်စေရေး၊ လေ့ကျင့်ရေးသုံး ပစ္စည်းများ ပြည့်စုံစေရေး ရာသီဥတုနှင့်အညီ စားသောက်ရေး၊ နေထိုင်ရေး၊ သောက်ရေ၊ သုံးရေ အခက်အခဲများနှင့် လေ့ကျင့်မှုပိုင်းဆိုင်ရာ အခက်အခဲများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)