နေပြည်တော် ဇန်နဝါရီ ၂၅
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနအလိုက် ခွဲဝေချထားပေးသော နိုင်ငံပိုင်တိုက်ခန်းများတွင် အိမ်ရာပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်မှု ရှိ မရှိ၊ ချမှတ်ထားသောအိမ်ရာများတွင် အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်ခြင်း ရှိ မရှိနှင့် မသက်ဆိုင်သူများ နေထိုင်မှုမရှိစေရေးတို့အတွက် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပိုင် ဇဗ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်အတွင်းရှိ အရာထမ်း၊ အမှုထမ်းအိမ်ရာများတွင် ရေ၊ မီး ရရှိမှုအခြေအနေ၊ အဆောက်အဦ ကြံ့ခိုင်မှုအခြေအနေ၊ အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်မှု ရှိ မရှိ၊ ယာယီနေရပ်စွန့်ခွာနေကြသည့် မိသားစုဝင်များ ဝန်ထမ်းအိမ်ရာများတွင် လာရောက်နေထိုင်ခြင်း ရှိ မရှိနှင့် ရှိပါက ဧည့်စာရင်းတိုင်ကြားမှု ရှိ မရှိနှင့် အိမ်ရာပတ်ဝန်းကျင်ရှိ မြေလွတ်မြေလပ်များတွင် သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းအိမ်ရာ စည်းကမ်းများနှင့်အညီ နေထိုင်ရန်၊ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး အထူးအလေးထားနေထိုင်ရန်၊ လျှပ်စစ်မီးလုံခြုံရေးနှင့် ပတ်သက်၍ အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရန်အချက်များကို မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်