မုံရွာ ဖေဖော်ဝါရီ  ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားသည်။

 

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံရှိကြရာ တိုင်းရင်းသားများအလိုက် ယဉ်ကျေးမှုဓလေ့ထုံးစံများ ရှိကြပါကြောင်း၊ အဆိုပါယဉ်ကျေးမှုများကိုသိရှိပြီး တိုင်းရင်းသားများအား ကိုယ်ချင်းစာတရား၊ ပြည်ထောင်စုစိတ်ဓာတ်တို့နှင့်အညီ နားလည်မှုရှိစွာ ကူညီဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများနှင့် ပတ်သက်၍ ပိုမိုသိရှိထားရန် လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့်ဒေသရှိ တိုင်းရင်းသားများ၊ ကွယ်ပျောက်လုနီးပါးဖြစ်နေသော တိုင်းရင်းသားများကိုလည်း ပိုမိုသိရှိကူညီ ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများပီပီ ပါတီနိုင်ငံရေးကင်းရှင်းရမည့်အပြင် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျည်းစည်းကမ်းများနှင့်အညီ လိုက်နာရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်ကို သိရှိပြီး ကျင့်ကြံဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဝန်ထမ်းများဖြစ်သည်နှင့်အညီ လူမှုဆက်ဆံရေးတွင် ပိုမိုကောင်းမွန်မှုရှိသူများဖြစ်ရန်လည်း လိုပါကြောင်း၊ မိမိထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကိုသိရှိပြီး ကျွမ်းကျင်စွာ ဆောင်ရွက်တတ်ရန်လိုပါကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင်လည်း စိတ်ဓါတ်ကောင်းမွန်ရန်၊ စည်းကမ်းရှိရန်၊ စည်းရုံးတတ်ရန်နှင့် စည်းလုံးညီညွတ်မှုရှိကြရန် လိုအပ်ပါကြောင်း၊ စည်းရုံးရေးမှူးကောင်းများဖြစ်အောင်လည်း ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က ချမှတ်ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၁၂)ရပ်တို့ကို သိရှိနားလည်ပြီး မိမိကျရာကဏ္ဍအလိုက် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ကြိုးစားဆောင်ရွက်ရန်နှင့် နိုင်ငံဘဏ္ဍာရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ သုံးစွဲဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ သက်သာချောင်ချိရေးနှင့် ကျန်းမာရေးတို့ကိုလည်း အထူးဂရုပြုဆောင်ရွက်ရမည် ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားသည်။

 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဦးစီးဌာန(၂)ခုမှ တာဝန်ခံအရာထမ်းများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် အခက်အခဲများကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး ညွှန်ကြားရေးမှုချုပ်က ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

 

တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအတွက် စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ဖွံ့ဖြိုးမှုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်