မအူပင်၊ ဇွန် ၃၀

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ တာဝန်ရှိသူများနှင့်အတူ ဇွန် ၂၉ ရက် မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ နယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖျာပုံခရိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းဖြစ်သည့် တိုင်းရင်းသားရေးရာနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် တိုင်းရင်းသားအချင်းချင်း (သို့မဟုတ်) တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများထံ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ခွဲဝေအပ်နှင်းထားပြီး ဖြစ်ကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံတော်နှင့် တိုင်းရင်းသား၏ အကျိုးစီးပွားကိုရှေးရှု၍ တင်ပြဆောင်ရွက်နိုင်ကြောင်း၊ ယနေ့ တိုင်းရင်းသား ခေါင်းဆောင်များ၏ တင်ပြသည့်အချက်များကို စနစ်တကျသေချာမှတ်သားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

တိုင်းရင်းသားလူမျိုးများအနေဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်မျိုးနှင့်တစ်မျိုး အမုန်းမပွားဘဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေဘဲ နိုင်ငံသူ နိုင်ငံသားများနှင့် တိုင်းရင်းသားပြည်သူများ မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးလုပ်ငန်းများတွင် မိမိတို့ကျရာကဏ္ဍမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အားကြိုးမာန်တက် အစွမ်းကုန်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီး အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဒေသတွင်းဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြကြရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဖြည့်စွက်ရှင်းလင်း ဆွေးနွေးသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးတိုင်းရင်းသားရေးရာ ဝန်ကြီးတို့က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးတို့က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များထံ ထောက်ပံ့ငွေများ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

mdn