ဟားခါး၊ ဖေဖော်ဝါရီ ၂၂
ချင်းပြည်နယ် ဟားခါးမြို့တွင် ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စိန်ထွန်းလှနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဟားခါးမြို့ရှိ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများသည် တိုင်းရင်းသားလူမျိုးများရေးရာ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀) တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရန်နှင့် အလေအလွင့်၊ ဆုံးရှုံးမှု၊ မသမာမှုများ မရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြု လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ် လာစေမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းများတွင် ဝန်ထမ်းများ အားလုံးက မိမိတို့ကျရာကဏ္ဍမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက ချင်းပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးတင်ပြကာ ဝန်ထမ်းများက လိုအပ်ချက်နှင့် အခက်အခဲများကို တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများ သက်သက်ချောင်ချိရေးအတွက် ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံး ဝန်ထမ်းများထံ ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်