မြစ်ကြီးနား ဇန်နဝါရီ

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

 

ထို့နောက် ပြည်‌ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် တိုင်းရင်းသားလူမျိုးများရေးရာ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ပြဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဌာန် (၆)ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည် လိုက်နာစောင့်ထိန်းရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ဒို့တာဝန် အရေး(၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့မှ မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝ ပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများသည် ဝန်ကြီးဌာနမှ ချမှတ်ထားသည့် စီမံကိန်းပါအချက်များကို ပြည်နယ်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အရည်အချင်းကို စဉ်ဆက်မပြတ် တိုးတက်စေရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ တို့တာဝန်အရေး(၃)ပါးပါ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

 

ဆက်လက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များနှင့် စပ်လျဉ်း၍ အထွေထွေဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာလုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများအတွက် DTH Sky Net တစ်စုံစီနှင့် ထောက်ပံ့ပစ္စည်းများကို လည်းကောင်း၊ ဒုတိယဝန်ကြီးက ရခိုင်တိုင်းရင်းသားရိုးရာ စာအုပ်စာတမ်းများကို ပြည်နယ်ဝန်ကြီးထံလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ပြည်နယ်(ပြန်/ဆက်)