တောင်ကြီး ဖေဖော်ဝါရီ ၇
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကမ္ဘောဇဖလား အလွတ်တန်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်နည်းပြများ၊ ပြိုင်ပွဲဝင် အားကစား သမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းဖြစ်သည့် ပြည်နယ် အားကစားကွင်းအတွင်း Inner Fencing ကာရံခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကာ အားကစားကွင်း စိမ်းလန်းစိုပြေစေရေးလုပ်ငန်းများကို စနစ်တကျဂရုပြုထိန်းသိမ်းဆောင် ရွက်ကြရန် မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဝူရှူးနှင့် ဗိုဗီနမ်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ပြီး အားကစားသမားများလေ့ကျင့်နေမှုကို ကြည့်ရှုအားပေး၍ ပဥ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သည့် ဝူရှူးအားကစားနည်းပြနှင့် အားကစားသမားများအား ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် မိမိတို့ဝန်ကြီးဌာန၏ အဓိက လုပ်ငန်းတာဝန်ဖြစ်သည့် အားကစားနှင့်လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝန်ထမ်းများအားလုံး အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားစေရန်နှင့် အရည်အသွေး စဉ်ဆက်မပြတ်တိုးတက်ရေးကို လေ့လာဆည်းပူးသွားရန်လိုကြောင်း၊ နိုင်ငံတော်၊ ဝန်ကြီး ဌာနနှင့် ပြည်နယ်၏ ဂုဏ်သိက္ခာ မြှင့်တင်နိုင်စေ ရေးအတွက် ကျရာအခန်းကဏ္ဍမှ အစွမ်းကုန် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)