လေရှီး ဇန်နဝါရီ ၁၇
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယမန်နေ့နံနက်ပိုင်းတွင် လေရှီးမြို့နယ် နာဂယဉ်ကျေးမှုပြတိုက်၌ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကို ဆောင်ရွက်ခြင်းနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတာဝန်များကို နိုင်ငံတော်က ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေးနှင့် တိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးခံစားစေမည့် လုပ်ငန်းများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားရေးရာနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် တိုင်းရင်းသားအချင်းချင်း (သို့မဟုတ်) တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးများထံ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ခွဲဝေအပ်နှင်းထားပြီးဖြစ်ကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ညီညွတ်စွာ တင်ပြဆောင်ရွက်နိုင်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ငွေကျပ်သိန်း(၄၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်