တောင်ကြီး       အောက်တိုဘာ  ၂၈

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များအား ယနေ့နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်ရေးပင်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ထားရှိကြရန်လိုအပ် ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးလုပ်ငန်း များတွင် မိမိတို့ကျရာကဏ္ဍမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အားကြိုးမာန်တက် အစွမ်းကုန်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးတို့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်း ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု အခြေအနေ များကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို ထောက်ပံ့ငွေများ ပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ ခပေါင်းရေကြည်ရပ်ကွက်ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာသို့ သွားရောက်ကြည့်ရှုပြီး သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးရေး မှာကြားသည်။

 

ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာတွင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ရေး အတွက် ဆက်စပ်သင်တန်းများကို ဆက်လက်ဖွင့်လှစ်သင်ကြားပေးနိုင်ရေး စနစ်တကျ စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)