ရန်ကုန်၊ ဇူလိုင် ၁
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) တို့တွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံပြီး တိုင်းရင်းသား လူမျိုးများရေးရာ လုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းမှ တိုင်းပြည်ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း၊ ဒို့တာဝန်အရေး (၃) ပါးကို မထိခိုက်စေဘဲ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံလျက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားအားလုံး မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းများတွင် ဝန်ထမ်းများအားလုံး မိမိတို့ကျရာကဏ္ဍမှ ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး က တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ဝန်ထမ်းများက ဌာနဆိုင်ရာလုပ်ငန်းကိစ္စရပ်များ ကိုလည်းကောင်း တင်ပြကြပြီး တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ပြီး ကံ့ကော်ပင်ကို ဦးဆောင်စိုက်ပျိုးပေးကာ ဝန်ထမ်းများ ကံ့ကော်၊ ကျွန်း၊ ခရေ၊ မဟောဂနီ၊ မန်ဂျန်ရှားပျိုးပင်များ စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အတွင်းရှိ အင်းလေးကန်၌ ကျင်းပသည့် ဇီဝိတဒါန ငါးလွှတ်ပွဲသို့ တက်ရောက်ပြီး ဝန်ထမ်းများနှင့်အတူ ငါးသားပေါက်ကောင်ရေ တစ်သောင်းနှစ်ရာကို အင်းလေးကန် အတွင်းသို့ လွှတ်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် (၁/၂၀၂၄) တိုင်းရင်းသားရိုးရာအက မွမ်းမံ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး တိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှုနှင့် ယဉ်ကျေးမှု အကအလှများကို တီထွင်ဆန်းသစ်ရာ၌ မူလရိုးရာကို မပျောက်ပျက်စေရေး၊ တည်တံ့ထိန်းသိမ်းနိုင်ရေးကို အထူးသတိရှိကြရန်လိုကြောင်းနှင့် သင်ယူတတ်မြောက်ထားရှိသည့် ယဉ်ကျေးမှုအနုပညာ၊ အကအလှများကိုလည်း လက်ဆင့်ကမ်းဆင့်ပွား သင်တန်းများ ပုံမှန် ဖွင့်လှစ်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားကာ သင်တန်းသူ/ သားများကို သင်တန်းဆင်း လက်မှတ်များနှင့် အကနည်းပြများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


