နေပြည်တော်၊ နိုဝင်ဘာ ၂၅
တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ရှိ ပေါင်းလောင်း Indoor Stadium အားကစားလေ့ကျင့်ရေးစခန်း၌ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့် ရှမ်းပြည်နယ် ကိုယ်စားပြုအသင်းတို့ ခြေစမ်းလေ့ကျင့်ယှဉ်ပြိုင်မှုကို သွားရောက်ကြည့်ရှု အားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများကို တွေ့ဆုံ နှုတ်ဆက်ပြီး ပြည်ထောင်စုဝန်ကြီးက မှန်ကန်သည့် အားကစားစိတ်ဓာတ်ဖြင့် အလေးအနက်ထားယှဉ်ပြိုင်ပြီး ဝန်ကြီးဌာနအတွက် ထိုက်တန်သည့်အောင်နိုင်မှု ဆုတံဆိပ်များကို ဆွတ်ခူးရရှိရန် ကြိုးစားကြစေလိုပြီး အားကစားသမားများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် မျိုးဆက်သစ်လူငယ် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြပြီး နှစ်ဖက်အသင်းမှ အားကစားသမားများအတွက် ဂုဏ်ပြုဆုငွေများနှင့် အင်အားဖြည့် အစားအစာများ ပေးအပ်ခဲ့ကာ ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြကြောင်း သိရသည်။
သတင်းစဉ်