တောင်ကြီး ဖေဖော်ဝါရီ ၆
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ ကံကြီးရပ်ကွက်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
ထို့နောက် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် ကယားပြည်နယ် ညွှန်ကြားရေးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများသည် တိုင်းရင်းသားလူမျိုးများရေး ရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးမျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများ တွင် ဝန်ထမ်းများအားလုံး မိမိတို့ကျရာကဏ္ဍမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က တိုင်းရင်းသားဒေသများတွင် စီမံကိန်းမြေယာများ အသုံးပြုရန်လျှောက်ထားလာသည့် မြေလွှတ်၊ မြေလပ်နှင့် မြေရိုင်း ဆိုင်ရာကိစ္စရပ်များကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ အသင်းအဖွဲ့မှတ်ပုံတင်သည့်အခါတွင် သေချာစိစစ် ရန်နှင့် ကူညီဆောင်ရွက်ပေးရန်လိုကြောင်းပြောကြားသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း က အထွေထွေဆွေးနွေးပြီး ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များကို အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာန ဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံး ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်