ရန်ကုန် မတ် ၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူယနေ့နံနက်ပိုင်းတွင် လှည်းကူးမြို့နယ်၊ လှည်းကူးအားကစားကွင်းသို့ရောက်ရှိပြီး နွေရာသီဘောလုံး၊ ပြေးခုန်ပစ်၊ သိုင်းနှင့် ဘတ်စကက်ဘော အားကစားသင်တန်း တက်ရောက်နေသော သင်တန်းသား/ သင်တန်းသူများ၊ လှည်းကူးမြို့နယ် U-18 ဘောလုံးအသင်းလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး အားကစားနည်းအလိုက် အခြေခံနည်းစနစ်ကောင်းမွန်စေရန်၊ နည်းစနစ်မှန်ကန်စေရန်၊ ကြံ့ခိုင်မှုနှင့် သက်လုံကောင်းမွန်စေရန် မှာကြားသည်။
ယင်းနောက် ဘောလုံးကွင်း၊ ပြေးခုန်ပစ်ပြေးလမ်း မိုးလုံလေလုံအားကစားရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအားမှာကြားကာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်ခရိုင် သီဟဒီပအားကစားကွင်းသို့ ရောက်ရှိကာ တိုက်ကွမ်ဒိုအားကစားခန်းမ၊ ရေကူးကန်တို့၌ နွေရာသီအားကစားသင်တန်း သင်တန်းသား/ သင်တန်းသူများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး အားကစားရုံအပြီးသတ် ဆောက်လုပ်ရန်၊ ရေကူးကန်ရေသန့်ရေး ထိန်းသိမ်းဆောင်ရွက်ရန်၊ ဘောလုံးကွင်းအား မြက်ခင်းပြင်စိမ်းစိုလန်းဆန်းစေရေး သတ်မှတ်ကာလအတိုင်း စနစ်တကျဆောင်ရွက်ထားရှိရန်၊ ပွဲကြည့်စင် ၊ ပြေးလမ်းဆောင်ရွက်ရန်နှင့် လိုအပ်သည်များကိုမှာကြားသည်။
ဆက်လက်၍ တာမွေမြို့နယ် ကျိုက္ကဆံကွင်း ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ဝင်းအတွင်းရှိ ကရာတေးအားကစားရုံ၌ ပဏာမလက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှုနှင့် GYM လေ့ကျင့်ရေးရုံ၊ ရေကူးကန်တို့ကိုသွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်