တောင်ကြီး၊ ဖေဖော်ဝါရီ ၈

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)သို့ သွားရောက် ကြည့်ရူစစ်ဆေးသည်။

 

ထိုသို့ စစ်ဆေးစဉ် သင်တန်းသား/ သင်တန်းသူများ စားသောက်ရန် ချက်ပြုတ်ပြင်ဆင်မှု၊ စတိုခန်းအတွင်း ပစ္စည်းများ သိုလှောင်ထိန်းသိမ်းမှု၊ နေ့စဉ် Menu ဇယားရေးဆွဲ၍ ချက်ပြုတ် ကျွေးမွေးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ထားသော နှုန်းထားအတိုင်းပြည့်ဝစွာ ချက်ပြုတ်ကျွေးမွေးရန်၊ ကျန်းမာရေးနှင့်ညီညွတ်စွာ ချက်ပြုတ်ကျွေးမွေးခြင်းရှိ/မရှိအား တာဝန်ခံ ဆရာဝန်နှင့် တာဝန်ရှိသူများက နေ့စဉ်အလှည့်ကျ စစ်ဆေး၍ နေ့စဉ်စစ်ဆေးချက်မှတ်တမ်းထားရှိ ဆောင်ရွက်ရန် မှာကြားပြီး သင်တန်းသား/သင်တန်းသူများနှင့်နေ့လယ်စာအတူစားသုံးသည်။

 

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအုပ်ချုပ်မှုရုံး အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီးနှင့် အားကစားနည်းအလိုက် တာဝန်ခံများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားကြရန်လိုအပ်ကြောင်း၊ အထူးသဖြင့်လုံခြုံရေးအသိ၊ လုံခြုံရေးသတိများဖြင့် အလေးအနက်ထားဂရုပြု၍ မိမိတို့ လုပ်ငန်းဆောင်တာများကို အစဉ်အမြဲဂရုပြုမူ လှုပ်ရှား ဆောင်ရွက်ကြရန် အထူးမှာကြား လိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိုက်ကွမ်ဒိုအားကစားရုံ၌ တိုက်ကွမ်ဒို အားကစားနည်းနှင့် ဂျူဒိုအားကစားနည်း လေ့ကျင့်နေမှု၊ မီတာ (၄၀၀) ပြေးလမ်းပါ ဘောလုံးကွင်းအတွင်း အမျိုးသား/ အမျိုးသမီး ဘောလုံးအားကစားသမားများနှင့် ပြေးခုန်ပစ်အားကစားသမားများ လေ့ကျင့်နေမှု၊ လက်ဝှေ့အားကစားရုံ၌ လက်ဝှေ့အားကစားသမားများ လေ့ကျင့်နေမှု၊ လေ့ကျင့်ရေး ရေကူးကန်၌ ရေကူးအားကစားသမားများ လေ့ကျင့်နေမှုတို့အား ကြည့်ရှုစစ်ဆေးစဉ် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများအလိုက် ပြိုင်ပွဲများ ကျင်းပရန်ရှိသဖြင့် အားကစားနည်းအလိုက် စံချိန် ကောင်းများ ရရှိအောင် လေ့ကျင့်ရန်နှင့် ကျောင်းအုပ်ကြီးအပါအဝင် တာဝန်ရှိသူများအားလုံး အားကစားနည်းများအလိုက် အခြေခံသဘောတရား၊ ဥပဒေသများကို ကိုယ်တိုင်သိရှိနားလည်၍ စံပြနေထိုင် လုပ်ကိုင်ကြရန် မှာကြားခဲ့ကြောင်းနှင့်၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး) ၌ အားကစားနည်း ( ၇ )နည်း၊ သင်တန်းသား/ သင်တန်းသူ ( ၁၅၉ ) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်