မော်လမြိုင် မတ် ၁၉
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးခင်မောင်ဦးနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၏ အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများ ထိန်းသိမ်းမြှင့်တင်ခြင်းနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ ကိုဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်အတွက် “We are Myanmar” ဆိုသည့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေရန် ဆောင်ရွက်ရပါကြောင်း၊ မိမိတို့ တိုင်းရင်း သားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့်လင်းစွာ တင်ပြဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ် ကျေးမှုအသင်းအဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေး နွေးတင်ပြကြရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးတို့သည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ မွန်၊ ကရင်၊ ပအိုဝ်း၊ ရှမ်း နှင့် ဗမာ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များကို ရင်းနှီးစွာနှုတ်ဆက်ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်